၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

mdn

နေပြည်တော် ၁၇ အောက်တိုဘာ

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက Video conferencing ဖြင့် ကျင်းပသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးသာမက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဗဟုသုတများ တိုးပွားရေး၊ ခေတ်မီနည်းပညာများ လိုက်နာကျင့်သုံးရေးကြိုးပမ်းမှုနှင့်အတူ နည်းပညာပြန့်ပွားရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဒေသအသီးသီးရှိ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ဘာသာရပ်အလိုက် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆောင်ရွက်ပြီးလုပ်ငန်းများအပေါ် သုံးသပ်ဆွေးနွေးမှာကြားသည်။

 

ထို့နောက် မူဝါဒ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၌ ဆောင်ရွက်ရန် လျာထားချက်များကိုလည်းကောင်း၊ ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ဒေသအသီးသီးရှိ သင်တန်းကျောင်းအုပ်ကြီးများက သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ၊ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဂျိုင်းလော (သတင်းစဉ်)