အတီတာမှာ အိုဇေးလ်၏ သစ္စာရှိမှုကို မလေးစားခဲ့သလို အာဆင်နယ်ပရိသတ်ကို လိမ်ညာခဲ့သူဖြစ်ကြောင်း  အိုဇေးလ်၏ အေးဂျင့်ဖြစ်သူ စွပ်စွဲ

mdn

၂၄ အောက်တိုဘာ

အာဆင်နယ်နည်းပြ  အတီတာက အသင်းရဲ့ စူပါစတား အိုဇေးလ်ကို  ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲနှစ်ရပ်စလုံး လူစာရင်းမှာ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူက အတီတာဟာ ကစားသမားကို မျှတစွာ ဆက်ဆံခဲ့ခြင်းမရှိသလို အိုဇေးလ်ရဲ့ သစ္စာရှိမှုကို လေးစားခဲ့ခြင်းမရှိဘူးလို့  ပြောကြားခဲ့ပါတယ်။ 

အိုဇေးလ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက   ပွဲထွက်ကစားခွင့်မရရှိခဲ့တာဖြစ်ပြီး   အိုဇေးလ်ကတော့  သူ့ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာက အာဆင်နယ်ဟာ တရုတ်ဈေးကွက်ကို လိုချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

အတီတာက သူ့အနေနဲ့ အိုဇေးလ်ကို အသုံးချဖို့  မအောင်မြင်ခဲ့ဘူးလို့ ဆိုခဲ့ပြီး   အိုဇေးလ်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး  တိတိကျကျ ပြောကြားခဲ့ခြင်းမရှိခဲ့တာပါ။  အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူက “ အာဆင်နယ်ပရိသတ်တွေဟာ  ရိုးသားမှုရှိတဲ့ ရှင်းပြချက်နဲ့ ထိုက်တန်ပါတယ်။ လူတိုင်းက အတီတာဟာ အိုဇေးလ်အပေါ်  မျှမျှတတ မဆက်ဆံခဲ့ဘူးဆိုတာ သိကြပါတယ်။ အိုဇေးလ်ဟာ လေ့ကျင့်ရေးကွင်းမှာ  အကောင်းဆုံးကစားနိုင်တယ် ဆိုတာလည်း လူတိုင်း သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 
 
အိုဇေးလ်ဟာ ရီးယဲလ်မက်ဒရစ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်  ရီးယဲလ်ကို နည်းပြ အန်စလော့တီ ရောက်ရှိလာချိန်မှာ ပွဲထွက်ခွင့် အာမခံချက်မရလို့ အာဆင်နယ်  အသင်းဆီ ပြောင်းရွှေ့ခဲ့လာခဲ့သူဖြစ်ပါတယ်။ နည်းပြ ဝင်းဂါးလက်အောက်  အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့လို့ နည်းပြ ဝင်းဂါးဟာ အိုဇေးလ်ကို စာချုပ်သက်တမ်းတိုးဖို့ အသင်းရဲ့ စံချိန်တင်လုပ်ခလစာ ပေးချေခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် ဝင်းဂါး အာဆင်နယ်ကနေ ထွက်ခွာခဲ့ချိန်မှာ နည်းပြသစ်တွေဖြစ်တဲ့ အမ်မရီ၊ အတီတာတို့နဲ့ ဆက်ဆံရေး မပြေလည်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ရတာဖြစ်ပါတယ်။ 

မေလဲ့သင်း