ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Singapore International Energy Week 2020 သို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်

mdn

နေပြည်တော် ၂၆ အောက်တိုဘာ

 

Singapore International Energy Week 2020 (SIEW 2020)ကို စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ပြီး အဆိုပါ SIEW 2020 အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry ဝန်ကြီး Mr. Chan Chun Sing မှ အဖွင့်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် နံနက် ၉ နာရီခွဲတွင် SIEW 2020 ၏ ပထမအစီအစဉ် တစ်ခုဖြစ်သည့် Singapore Energy Summit “Transitioning to Our Low Carbon Energy Future” ခေါင်းစဉ်ဖြင့် ဆွေးနွေးသော စကားဝိုင်းတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး Dr. Tan See Leng ၊ အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး Mr. Afrifin Tasrif ၊ JERA Asia Pte. Ltd. ၏ CEO Mr. Toshiro Kudama၊ ENGIE Asia-Pacific ၏ President & Regional CEO Mr. Paul Maguire ၊ Shell Singapore Companies ၏ Chairman ဖြစ်သူ Ms. Aw Kah Peng ၊ SP PowerGrid Limited ၏ CEO  Mr. Jimmy Khoo ၊  Utilities Lead, Resources, Southeast Asia Accenture ၏ MD Mr. Lim Chih Shoong တို့နှင့်အတူ Panelist အဖြစ် တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါစကားဝိုင်းတွင်  ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် စွမ်းအင်သုံးစွဲမှု လိုအပ်ချက်နှင့် စီးပွားရေးအပေါ် မမျှော်မှန်းနိုင်သော အကျိုးသက်ရောက်မှုများ ရှိလာပြီဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အနာဂတ်ကာလတွင် လုံခြုံရေးနှင့် စဉ်ဆက်မပြတ်ရှိသော စွမ်းအင်ကို ရွေးချယ်အသုံးပြုသွားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် လတ်တလောကာလတွင် လေထုညစ်ညမ်းမှုရာခိုင်နှုန်းသည် ယာယီအားဖြင့် လျော့ကျမှုရှိနေခြင်းအား ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ အလားတူစွမ်းအင်လုံခြုံမှု၊ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုအပေါ် ကြံ့ကြံ့ခိုင်နိုင်မှု၊ စျေးကွက်တည်ငြိမ်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှုရှိရန် လိုအပ်ကြောင်း၊ အာရှဒေသအတွင်း စွမ်းအင်ဖွံ့ဖြိုး တိုးတက်မှုအခြေအနေနှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချရေးအပေါ် နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းချိတ်ဆက်မှု၏ အခန်းကဏ္ဍသည် အရေးပါမှုရှိပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Stakeholder များဖြစ်သော အစိုးရ၊ ရင်းနှီးမြှုပ်နှံသူနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးက အာရှ-ပစိဖိတ်ဒေသတွင် သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ Solar Panel ထုတ်လုပ်မှုတွင် အာရှဒေသသည် ဦးဆောင်လာကြောင်းနှင့် စွမ်းအင်သိုလှောင်သိမ်းဆည်းမှု နည်းပညာတီထွင်စမ်းသပ်မှုများ တိုးတက်ဖြစ်ထွန်းလာကြောင်း၊ ထိုကဲ့သို့ နည်းပညာဖြစ်ထွန်းလာမှုများသည် အာရှဒေသ၏ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲမှုများကို ဖွံ့ဖြိုးတိုးတက်လာစေကြောင်း၊ အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် တိုးမြင့်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုများတိုးမြင့်လာပြီး အာဆီယံဒေသတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှ ၂၀၄၀ ပြည့်နှစ်တွင် ၃၇ ရာခိုင်နှုန်းပါဝင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနည်းလမ်းများကိုလည်း စွမ်းအင်လုံခြုံစိတ်ချရရေး၊ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် လက်ခံဆောင်ရွက်သင့်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲခြင်းနည်းလမ်းသည် စီးပွားရေးတွက်ချေကိုက်မှုရှိပြီး သန့်ရှင်းသော စွမ်းအင်ရရှိသည့်အပြင် ရွှေ့ပြောင်းမှု လွယ်ကူကြောင်း၊ ကိုဗစ်-၁၉ သက်ရောက်မှုများကြောင့် စီးပွားရေးထိခိုက်မှုများ ပြန်လည်ကုစားရာတွင် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာသည် တိကျသေချာသော ဖြေရှင်းနည်းမျိုးဖြစ်ပြီး ဒေသတွင်း ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် ကျန်းမာရေးအထောက်အပံ့များ ဆောင်ကြဉ်းပေးနိုင်ကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး မဟာဗျူဟာများနှင့်အတူ ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲခြင်း နည်းလမ်းများကို အတူတကွဆောင်ရွက်သင့်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ ၅၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပြီး၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်း အထိ တိုးတက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထိဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ LNG မှ လျှပ်စစ်ဓာတ်အား 3000 MW ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်များ စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် LNG ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်အသုံးပြုခဲ့ပါကြောင်း၊ 40 MW Solar Plant (မင်းဘူး) အား ၂၀၁၉ ခုနှစ်တွင် စတင်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ မိမိတို့နိုင်ငံ၏ ပထဝီအနေအထား အားသာမှုအပေါ် အခြေခံကာ နိုင်ငံအတွင်း နေရောင်ခြည်ကောင်းစွာ ရရှိနိုင်မည့်နေရာ ၃၀ တွင် စုစုပေါင်း 1000 MW ကျော်ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တပ်ဆင်အင်အား၏ ၁၄ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်မှပါဝင်ရေး ဦးတည်ရည်မှန်းဆောင်ရွက်နေကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အား အပြန်အလှန် ရောင်းဝယ်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရေး အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများမှ  လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်း ဆွေးနွေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး Dr. Tan See Leng နှင့် Video Conferencing ဖြင့် bilateral တွေ့ဆုံဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ လက်ရှိနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးပေးရေးအတွက် Energy Policy Program တွင် ပူးပေါင်းဆောင်ရွက်ပေးမှု၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူဖြန့်ဖြူး ရောင်းချရေး စီစဉ်ဆောင်ရွက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီပေးမည့် အခြေအနေနှင့် ASEAN Plan of Action for Energy Cooperation (APAEC) Phase-2 (2021-2025) အတည်ပြုနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်