ကမ္ဘောဇဘဏ်မှ ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလှူငွေကျပ်သိန်း ၁၀၀ နှင့် အထောက်အကူပြုပစ္စည်းများလှူဒါန်း

ရန်ကုန် ၂၇ အောက်တိုဘာ

 

ကမ္ဘောဇဘဏ်မှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊  အရေးပေါ်လူနာများ နှင့် အထွေထွေလိုအပ်သလို ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ ခုတင် (၂၅)သို့ အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများကို  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ကမ္ဘောဇဘဏ်မိသားစု ကိုယ်စား ဒလမြို့နယ် ဘဏ်ခွဲတာဝန်ခံ ဒုတိယအထွေထွေ မန်နေဂျာ ဦးသော်ဇေယျ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှာခေါင်းစည်း ၅၀၀၀၀၊ မျက်နှာအကာ ၂၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်မှန် ၅၀၊ PPE ဝတ်စုံ ၅၀၊ လက်သန့်ဆေးရည်ဘူး ၂၀၀၊ နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အထွေထွေလိုအပ်သလို အသုံးပြုနိုင်ရန် အလှူငွေကျပ်သိန်း ၁၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း တို့က  လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းပေးမှုကြောင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ကမ္ဘောဇဘဏ်အနေဖြင့် ကိုဗစ်-၁၉ မဖြစ်ပွားခင်အချိန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ်သိန်းပေါင်း ၇၈၃၃၀ ကျော် လှူဒါန်းထားကြောင်း ဒလမြို့နယ် ဘဏ်ခွဲတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဦးသော်ဇေယျထံမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

mdn