စစ်ကိုင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသော ကျေးရွာများသို့ ဖြုတ်ပိုး၊ ဆစ်ပိုး ကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းနည်းများ အသိပညာပေးဆောင်ရွက်

စစ်ကိုင်း    ၂၁   နိုဝင်ဘာ

 

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အုန်းတောတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ကုန်းရွာကျေးရွာတွင် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းအတွင်း ဖြုတ်ပိုး ဆစ်ပိုး ကျရောက်မှုအန္တရာယ်မှ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ယမန်နေ့ နေ့ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ကျဝန်ထမ်းများက အသံချဲ့စက်များဖြင့် တောင်သူများအား နည်းပညာ ပေးလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ဌာနအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ သီးနှံစိုက်ပျိုးတောင်သူတွေကို သီးနှံအလိုက် ကာကွယ်ရေးနည်းပညာတွေကို စဉ်ဆက်မပြတ် ပေးနေပါတယ် အခုလဲပဲ စပါးစိုက်ခင်းအတွင်း ဖြုတ်ပိုး ဆစ်ပိုး ကျရောက်မှု အန္တရာယ်မှ ကင်းဝေးနိုင်ရေး အချက်(၇)ချက်ကို အသံချဲ့စက်ဖြင့် နည်းပညာ ပေးနေတာပါ။ ကာကွယ်ရေးတွေက စိုက်ခင်းအတွင်း ကြိုတင်ကင်းထောက်ယူရပါ့မယ်၊ ပေါင်းမြက်တွေ ရှင်းလင်းနေရပါ့မယ်၊ ပိုတက်မြေဩဇာကိုသုံးစွဲရန်နှင့် ပိုးကျနေစဉ် ယူရီးယားမြေဩဇာ သုံးစွဲခြင်း ရှောင်ကြဉ်ရမယ်၊ ဖြုတ်ပိုးတွေ့ရင် ရေကို(၃)ရက်မှ(၅)ရက်အတွင်း ပြောင်အောင်ထုတ်ရပါ့မယ်၊ အပင်ခံနိုင်ရည်ရှိအောင် ပိုတက်(၁/၈)အိတ်နှင့်ကျောက်မှုန့်(၆)ပိဿာ ကြဲပတ်ရပါ့မယ်၊ လိုအပ်မှသာ ပိုးသတ်ဆေးကို သုံးစွဲရပါ့မယ်၊ စပါးခင်းမှာ ဖြုတ်ညို/ ဖြုတ်ကျောဖြူ (၁၀-၁၅)ကောင်တွေ့ရှိပါက စပါးခင်းအား ရေထုတ်၍ ဒိုင်မီသိုအိတ်၊ ကာကတ်ပ်ဟိုက်၊ ဒရိုကလိုရိုဒ်၊ အဆီဖိတ်၊ အဆီတာမီပရိုတ်၊ ပင်လုံးဖြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အညွှန်းစာပါအတိုင်း အပင်ခြေရှိ ပိုးကောင်းငယ်များကို ထိမိအောင်ဆေးပတ် ဖျန်းရမယ့် အကြောင်းတွေကို အသံချဲ့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တောင်သူတွေ သိရှိအောင် နည်းပညာများ ပေးနေပါတယ်" ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။

 

ဇော်မြင့်နိုင်