အမာမြို့ ခါးပြတ်ကျေးရွာ နေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးမှုအား ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်

ဖျာပုံ ၂၁ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ခါးပြတ်ကျေးရွာတွင် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွား၍ နေအိမ်(၆)လုံး ဆုံးရှုံးခဲ့မှုအား ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် ထောက်ပံ့ငွေများအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေထီးကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အားပေးစကားပြောကြားပြီး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းက မီးဘေးသင့်အိမ်ထောင်စုများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မီးဘေးသင့်ခဲ့ကြသော အိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံးတစ်လုံး၊ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းစီနှင့် မီးဘေးသင့်အိမ်ထောင်စု (၆)စုရှိ လူဦးရေ (၃၀)အတွက် ဆန်ရိက္ခာ၊ လူတစ်ဦးလျှင် တစ်ရက်စာ (၃၀၀)ကျပ်နှုန်း၊ (၇)ရက်စာ (၂၁၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၆၃၀၀၀)နှင့် မီးဘေးကြိုတင်ကာကွယ်ရင်း လူနေအိမ်အမိုးပျက်စီးနေအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေ တစ်အိမ်ထောင်စုလျှင် (၅)သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂)စုအတွက် (၁)သိန်းကျပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၆၃၀၀၀)အား၊ အမျိုးအားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် တာဝန်ရှိသူများက ခါးပြတ်ကျေးရွာ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင် ပြန်/ဆက်)