ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲဆုများ စိစစ်ရွေးချယ်ခြင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၂၁ နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ဆုများချီးမြှင့်ရေးအတွက် ဆုများစိစစ်ရွေးချယ်ခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲဆုများ စိစစ်ရွေးချယ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ ကျောင်းကုန်း)က ကဗျာပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ်ကို ချစ်မြတ်နိုးကြသူ ပြိုင်ပွဲဝင်ဦးရေ ၁၁၈ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲဝင် ကဗျာပေါင်း ၁၂၈ ပုဒ် ရှိပါကြောင်း၊ ကဗျာရွေးချယ်မှုတွင် အကဲဖြတ်ဒိုင်များက အကဲဖြတ်သည့် စိတ်ကူးများ မတူညီကြကြောင်း၊ ပြိုင်ပွဲတွင် ကဗျာစပ်ဆိုနည်းကို ကန့်သတ်ထားခြင်းမရှိကြောင်း၊ အကဲဖြတ်ဒိုင်များက ပြိုင်ပွဲဝင် စာမူများကို တစ်ဦးလျှင် အပုဒ်ရေ ၂၀ ခန့် စိစစ်အကဲဖြတ်ရွေး ချယ်ထားကြကြောင်း၊ ယခုစိစစ်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်သူများ၏ စာမူများကိုလေးစားသောအားဖြင့် အမှန်တကယ် ဆုရရှိထိုက်သူများကိုသာ စိစစ်ရွေးချယ်စေနိုင်ကြရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကဗျာပြိုင်ပွဲအကဲဖြတ်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိမ်းစိုး(မင်းချမ်းမွန်)၊ ဦးရန်စိန်(မောင်စံဗြော)၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာလှလှသန်းနှင့် လက်ထောက်ကတိက ဒေါက်တာအောင်ဆန်းတို့က ရွေးချယ်ထားသည့် ကဗျာများကို တင်ပြကြပြီး ယင်းတို့အနက်မှ အကဲဖြတ်အဖွဲ့ဝင်များ နှစ်သက်မှုအများဆုံးရရှိသည့် ကဗျာများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုငါးဆု အပါအဝင် စုစုပေါင်းဆုရှစ်ဆုပေးရန် အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူ့အဖွဲ့အစည်းနှင့်ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများ စသည်တို့ကို ဖော်ညွှန်းရေးသား ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်