ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တိရစ္ဆာန်ဥယျာဉ်နှင့် ကျောက်စိမ်းသိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၁ နိုဝင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရေဆင်းရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)ကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်တွင် တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူးက ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ နိုင်ငံတွင်းကူးစက်ပြန့်ပွားမှုကြောင့် ယခုနှစ် မတ် ၂၆ ရက်မှစ၍ တိရစ္ဆာန်ဥယျာဉ်များ ပိတ်ခဲ့ရသည့်အတွက် ဝင်ငွေကျဆင်းလာမှု၊ တိရစ္ဆာန်အစာရိက္ခာ ဝယ်ယူရန်၊ ဝန်ထမ်းလုပ်ခလစာနှင့် ပြုပြင်ထိန်းသိမ်း ကုန်ကျစရိတ်များအတွက် ကြုံတွေ့ရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိရစ္ဆာန်ဥယျာဉ်များအား သက်တမ်းတိုး ဆက်လက်ငှားရမ်းဆောင်ရွက်မည့် အစီအစဉ်၊ ငှားရမ်းမှု သက်တမ်းကုန်ဆုံးချိန်၌ Package စနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့် အစီအစဉ်နှင့် ဌာနက ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက် တင်ပြတောင်းခံထားမှု အခြေအနေတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဥယျာဉ်များကို ပြန်လည်ဖွင့်လှစ်ပါက ဖွင့်လှစ်ချိန် အကန့်အသတ်၊ လူဦးရေအကန့်အသတ်များဖြင့် ဝင်ရောက်လေ့လာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ပါက ကျောင်းသား၊ လူငယ်၊ ပြည်သူများလည်း စိတ်အပန်းဖြေနိုင်မည့်အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများ၏ စိတ်ဖိစီးမှုများကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း၊ တိရစ္ဆာန် ဥယျာဉ်၏ အခက်အခဲများကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၌ တိရစ္ဆာန်ဥယျာဉ် ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေနှင့် ချမှတ်ဆောင်ရွက်ကြသည့် ကျန်းမာရေး လမ်းညွှန်ချက်များအား လေ့လာထားရှိရန်၊ တိရစ္ဆာန်များအားလည်း အစာအဟာရ လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျန်းမာရေးအတွက်လည်း အထူးအလေးထား စောင့်ရှောက်စေလိုကြောင်း၊ တိရစ္ဆာန်ပြုန်းတီးမှုနှင့် တိုးပွားမှုကို မှတ်တမ်းပြုစုထားရှိရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် ရန်ပုံငွေ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၏ နေပြည်တော်သတ္တုတွင်းစီမံကိန်း ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် RC (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဆောက်လုပ်ပြီးစီးမှု၊ ထပ်မံဆောက်လုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စိမ်းသိုလှောင်ရုံများ၌ ဖမ်းဆီးရမိ ကျောက်စိမ်းများ သိုလှောင်ထားရှိမှု၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြရောင်းချရန်အတွက် ကျောက်အတွဲများ အတွဲဖွဲ့ ဆောင်ရွက်ထားရှိမှု၊ ယာယီလက်ခံသိမ်းဆည်းထားရှိသည့် ကျောက်စိမ်းများကို လုံခြုံမှုအာမခံအခန်းအတွင်း သိုလှောင်သိမ်းဆည်းထားရှိမှု၊ ဝန်ကြီးဌာနနှင့်အကျိုးတူ ကုမ္ပဏီများက တူးဖော်၍ အပ်နှံထားရှိသည့် ကျောက်စိမ်းရိုင်းများအား သိုလှောင်သိမ်းဆည်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်