သန်လျင်မြို့ သဘာဝတရားရိပ်သာသို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ဆန်၊ ဆီ၊ ဆား၊ ပဲ များ လှူဒါန်း

ရန်ကုန်  ၂၂  နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ဘုရားကုန်းကျွေးရွာရှိ သဘာဝတရားရိပ်သာ သတိပဋ္ဌာန်ဓမ္မာရုံကျောင်းတိုက်သို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ဆန်၊ ဆီ၊ ဆား၊ ပဲများ လှူဒါန်းသည့် အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီက အဆိုပါကျောင်းတိုက် တွင် ကျင်းပသည်။

 

အခမ်းအနားသို့ သဘာဝတရားရိပ်သာဦးစီးပဓာနနာယက ဆရာတော် အရှင် ဥတ္တမသာရ၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲများကို ဆရာတော် အရှင်ဥတ္တမသာရ ထံသို့ ဝန်ကြီးချုပ် မှ ဆက်ကပ်လှူဒါန်းပြီး ရိပ်သာရှိ ဘိုးဘွားများထံသို့ စားနပ်ရိက္ခာများ ပေးအပ်ရာ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးနှင့် အဘွား တစ်ဦးတို့ ကလက်ခံရယူကြသည်။

 

ထို့နောက် ဝန်ကြီးချုပ် နှင့် သဘာဝတရားရိပ်သာ အတွင်းရေးမှူး ဦးဝင်းမြင့်တို့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

သဘာဝတရားရိပ်သာတွင် သံဃာ၊ သီလရှင်၊ သက်ကြီးယောဂီ၊ ဝေယျာဝစ္စယောဂီ စုစုပေါင်း ၄၃၀၀ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFPမှ အလှူငွေကျပ် (၄၄၈, ၄၅၀၀၀) တန်ဖိုးရှိ ဆန် ကီလို ၅၀  ပါ ၁၁၆၁ အိတ်၊ ပဲ ၅၀ ကီလိုပါ (၁၅၅)အိတ်၊ ဆီ (၁၈. ၂) ကီလိုပါ (၂၁၅) ဖာ၊ ဆား (၄၅) ကီလိုပါ ၁၅ အိတ် တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန် /ဆက်)

 

MDN