တိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့တို့၏ ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ် အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

ရန်ကုန်  ၂၂  နိုဝင်ဘာ

 

တိုက်ကြီးမြို့နယ် ဂျိုးဖြူနှင့် ဥက္ကံမြို့ သိမ်ကုန်း  ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံများတွင် ကျင်းပသည်။

 

ရှေးဦးစွာ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်တို့က စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဥက္ကံမြို့ သိမ်ကုန်း ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံနှင့်အဝှမ်းမြို့ပြ၊ ကျေးလက်ဒေသမကျန် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေးအတွက် အဓိကအခန်းကဏ္ဍမှ ဦးစားပေးဆောင်ရွက်လျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝ စွာ ရရှိရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ဓာတ်အား ဖြန့်ဖြူးရေး လိုင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေး လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၂၀၅ ရွာအနက် ကျေးရွာ ၁၈၅၀ မီးလင်းခဲ့ပြီး  ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် ကျန်ရှိသည့် ကျေးရွာ ၃၅၅ ရွာ ကို  လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိကြောင်းနှင့် မြောက်ပိုင်းခရိုင်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း စုစုပေါင်း ဓာတ်အားခွဲရုံ ၆ ရုံ တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် ယခုနှစ် ဒီဇင်ဘာလကုန်တွင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူအားလုံး (၁၀၀)ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိမှာဖြစ်ကြောင်းပြောကြားသည်။

 

ယင်းနောက် တိုက်ကြီးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးလွင်စိုးမင်းက ကျေးဇူးတင်စကားပြောကြားသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)