အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် အာရှလူငယ် အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်နေရာများ လျာထား

၂၆ နိုဝင်ဘာ


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားသည့် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်နှင့် ၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်အတွက် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲနှစ်ခုကို ၂၀၂၁ ခုနှစ် မတ်နှင့် ဧပြီလတွင် ကျင်းပရန်စီစဉ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ သတ်မှတ်သည့်ကာလတွင် ပြုလုပ်နိုင်ပါက ကျင်းပမည့်နေရာများကို လျာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်နှင့် ၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်တို့မှ  မြန်မာလူငယ်အမျိုးသမီးအသင်းများ ပါဝင်သည့် အုပ်စုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် တောင်းဆိုခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၊  ၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတို့၌ ကျင်းပရန် လျာထားခြင်းဖြစ်သည်။

၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို ၂၀၂၁ ခုနှစ် မတ် ၁၃ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စုများက မြန်မာအပါအဝင် သြစတြေးလျ၊ တရုတ်၊ တရုတ်တိုင်ပေ၊ လာအို၊ မွန်ဂိုလီးယား၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည်။

၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စုများကို မြန်မာအပါအဝင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲနှစ်ခုကျင်းပမည့်ကာလ သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအပေါ်မူတည်၍ ပြန်လည်အတည်ပြုမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုကို နောက်ဆုံးကျင်းပသည့် ၂၀၁၉ ခုနှစ်အထိ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ အမည်ဖြင့် ကျင်းပခဲ့သော်လည်း လာမည့်ပြိုင်ပွဲမှစတင်ကာ ပြိုင်ပွဲအမည်နှင့် သက်တမ်းပြောင်းလဲပြီး အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲနှင့် အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးအသင်းများမှာလည်း ကပ်ရောဂါအခြေအနေကြောင့် စခန်းဝင် လေ့ကျင့်နိုင်ခြင်းမရှိေသးဘဲ နှစ်ဆန်းပိုင်းမှသာ အစောဆုံးလေ့ကျင့်နိုင်ဖွယ်ရှိေနသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်