မကွေးပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃)ထပ်အဆောက်အဦ လွှဲပြောင်းပေးအပ်မှု အခမ်းအနားကျင်းပ

နေပြည်တော်  ၂၇  နိုဝင်ဘာ

ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်သည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝမ်းမြောက်စကားပြောကြားရာတွင် ဂျပန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံအား ချစ်ခင်ရင်းနှီးစွာဖြင့် ကျန်းမာရေးကဏ္ဍပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ယခု ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေးစီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မကွေးပြည်သူ့ ဆေးရုံကြီးသည် ပြည်သူများ အားကိုးအားထားပြုကာ ကုသမှုခံယူလျက်ရှိသော ဆေးရုံကြီးဖြစ်သဖြင့် ဝန်ကြီးဌာန အနေဖြင့် ဆေးရုံကြီးအား ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဆေးရုံအတွက်ထပ်မံလိုအပ်သည့် MRIs (magnetic resonance imaging) နှင့် CT (computed tomography) scan စက်များအပါဝင် စက်ကိရိယာပစ္စည်းများကို မှာယူထားရှိပါကြောင်း၊ ယခု သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစကလေးကုသဆောင် (၃) ထပ်အဆောက်အဦကြီးကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောက်လုပ်နိုင်ခဲ့သည့်အတွက် မကွေးမြို့နှင့် အနီးတစ်ဝိုက်မှ ပြည်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။

ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုများဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်ခဲ့ပြီး ယခုလက်ရှိ တွင်လည်း ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့တို့၏ အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအဆင့် မြင့်တိုးချဲ့(၇) ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပံ့ပိုးမှုများ လည်းပေးအပ် လျက်ရှိပါကြောင်း၊ ထိုသို့ ပံ့ပိုးမှုများပေးအပ်သည့် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အား ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများတွင် ပံ့ပိုးမှုများပေးအပ်လျက်ရှိသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်" ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ပံ့ပိုးမှုများပေးအပ်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ သည် မကွေးတိုင်းဒေသကြီးအတွက် အဓိကကျသော ဆေးရုံကြီးဖြစ်ပြီး ယခုပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းကြီးသည် တိုင်းဒေသကြီးအတွက် လွန်စွာအကျိုးရှိသော စီမံကိန်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု နှုန်းများသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက မြင့်မားနေသောကြောင့် ယခု သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေး ကုသဆောင် (၃) ထပ် အဆောက်အဦ ဆောက်လုပ်ပြီးစီးခဲ့ခြင်းမှာ မိမိတို့ တိုင်းဒေသကြီးအတွက် အကျိုးများစွာ ရှိမည် ဖြစ်ပါကြောင်း။

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းကို ထောက်ပံ့ပေးလျက်ရှိသော ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အားကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးနှင့် ချိတ်ဆက် တိုင်ပင်ကာ လုပ်ငန်းများ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Counselor Mr. Takimi Kazuyuki က ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့သည် တိုင်းဒေသကြီးအတွက် အရေးကြီးသော ဆေးရုံကြီးဖြစ်ပြီး လူနာခုတင် သုံးစွဲမှုများပြားသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုရရှိစေ ရေးနှင့် နေထိုင်မှုအရည်အသွေး ပိုမိုမြင့်မားစေရေး ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ "သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃)ထပ်အဆောက်အဦ" ကို ပြီးစီးပြီးနောက် ဆေးပစ္စည်းကိရိယာ များကိုလည်း ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ကူညီပေးလျက်ရှိသည့်အပြင် အခြားကျန်းမာရေးကဏ္ဍများအတွက် ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့မှာ ဂျပန်ယန်းငွေ (၂,၂၈၁)သန်း ဖြစ်ပါသည်။ ယခုလွှဲပြောင်းပေးအပ်ခဲ့သည့် "သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦ" တွင် သားဖွားနှင့် မီးယပ်ဆေးကုသဆောင်၊ မွေးကင်းစကလေး ကုသဆောင်၊ အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့ပါဝင်ကြောင်း သိရသည်။ 

သတင်းစဉ်