ရုရှားတပ်ဖွဲ့ဝင် လေးသိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမည်

မော်စကို ၂၇  နိုဝင်ဘာ 

ရုရှားအစိုးရသည် ရုရှားတပ်ဖွဲ့ဝင် ၄၀၀၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပံ့ပိုးပေးရန် စီစဉ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂူက ယနေ့ပြောကြားသည်။

ရွှိုင်ဂူသည် အဆိုပါကြေညာချက်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ ဘုတ်အစည်းအဝေးတစ်ခုတွင် ပြုလုပ်ခဲ့သည်။  တပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးဆိုင်ရာ ယင်းဆုံးဖြတ်ချက်ကို ရုရှားသမ္မတ၏ အမိန့်နှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုလိုက်သည်။

ရုရှားအစိုးရသည် လက်ရှိအချိန်အထိ တပ်ဖွဲ့ဝင် ၂၅၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ရာ ယခုနှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၈၀၀၀၀ အထိ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။

ရုရှားနိုင်ငံသည် Sputnik V နှင့် EpiVacCorona အမည်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးကို ထုတ်လုပ်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် လက်တွေ့စမ်းသပ်မှု အပြီးသတ်လုပ်ဆောင်ရန် စီစဉ်ထားသည်။

ထို့အပြင် ဆန္ဒအလျောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် မတိုင်မီမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ, photo - Sputnik
ဘာသာပြန် - ဂျေတီ