နေပြည်တော် ဘောဂသီရိကားဂိတ်နှင့် မြို့မဈေးကားဂိတ်အချို့ Lock Down ချထား

နေပြည်တော်၊   ၄   ဒီဇင်ဘာ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ဘောဂသီရိကားဝင်းရှိ ကားဂိတ်တစ်ခုမှ ကွာရန်တင်းဝင်နေသူ ယာဉ်မောင်းတစ်ဦးသည် Covid-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သူ (၈)ဦးအား ကွာရန်တင်းထားရှိ၍ Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ဘောဂသီရိကားဝင်းမှ နှစ်ဦး၊ မြို့မဈေးအဆိုပါဂိတ်မှ သုံးဦး စုစုပေါင်း ငါးဦး တို့သည် Covid-19 ရောဂါပိုးရှိကြောင်း ထပ်မံတွေ့ရှိရသဖြင့် ဘောဂသီရိကားဝင်းရှိ ၎င်းဂိတ် (၈) ခန်းတွဲ အဆောက်အဦ (၂)လုံးကို Lock Down ချထားပြီးဖြစ်သည်။ အဆိုပါ ဘောဂသီရိကားဝင်းအတွင်းရှိ စားသောက်ဆိုင်များကိုလည်း ပိတ်ထားကြောင်း၊ ကားဝင်း အဝင်/အထွက် နေရာများတွင်လည်း Mask တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော် မြို့မဈေးအရှေ့ဘက်ရှိ ကားဝင်းကိုလည်း ဒီဇင်ဘာ ၄  ရက် နံနက်ပိုင်းမှ စတင်၍ Lock Down ချထားပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နေပြည်တော်မြို့မဈေးကိုမူ ပုံမှန်ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid-19 ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရေး ပိုမိုတိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးထံမှ သိရသည်။

Crd>IPRD