မုံရွာမြို့ ဗောဓိတစ်ထောင် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း ဆောင်ရွက်နေမှု ၂၅ ရာခိုင်နှုန်းပြီးစီး

မုံရွာ၊ ၁၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းအား ငါးနှစ်ကြာ လုပ်ဆောင်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

 

၎င်းစီမံကိန်းသည် ဧက ၂၀၀ ဝန်းကျင်ခန့်တွင် ပျိုးပင်ပေါင်း ၁၃၄၀၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်း ၆၄၀ အကုန်အကျခံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် ယခုအခါ စီမံကိန်းပထမနှစ် ပြီးစီးခဲ့သဖြင့် လုပ်ငန်းအားလုံး၏ ပြီးစီးမှုသည် ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

“ဗောဓိတစ်ထောင်ဒေသက အပူပိုင်းဒေသဖြစ်တဲ့အပြင် မြေဆီမြေနှစ်လည်း ကျဲပါးတဲ့အတွက် အပင်ကြီး ထွားနှုန်းမြန်တဲ့ ပဲချယ်ရီပင်တွေကိုလည်း ထည့်သွင်းစိုက်ပျိုးပါတယ်။ ဒေသခံမျိုးအနေနဲ့ ရှား၊ ကုက္ကို၊ တမာ အပါအဝင် အမျိုးအစား ၁၁ မျိုးကို စိုက်ပျိုးထားပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဟိုက်ဗရစ်ဂေးရှားအပင် ၅၀၀ ကိုလည်း စမ်းသပ်စိုက်ပျိုးထားပါတယ်။ စီမံကိန်း ပထမနှစ် လုပ်ငန်း အားလုံး ပြီးစီးသွားပါပြီ။ ပြီးစီးမှုအနေနဲ့ ၂၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ပါတယ်။ ပြည်သူတွေရဲ့ပြောကြားချက်အရ အရင်ကဆို ပျဉ်းကတိုးတော၊ အင်ကြင်းတောကြီး ဖြစ်တယ်လို့ သိရတယ်။ လူဦးရေများလာပြီး ထုတ်ယူ သုံးစွဲမှု များလာတဲ့အခါ တောတွေပြုန်းပြီး ပတ်ဝန်းကျင်ကို ထိခိုက်လာတဲ့အတွက် နိုင်ငံတော်ရဲ့အစီအမံအရ ဗောဓိတစ်ထောင်ဒေသ ပြန်လည်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်တွေကို ပြန်လည်စိုက်ပျိုးပေးခြင်း ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောပြသည်။ 

 

ဗောဓိတစ်ထောင်ဒေသ အထူးစိမ်းစိုပြည်ရေးစီမံကိန်း ပြီးစီးပါက ဒေသဝန်းကျင်ရှိ ရေအရင်းအမြစ်များ ယခုထက်ပိုပြီး ကောင်းလာမည်ဖြစ်သည့်အပြင် ဒေသပြန်လည်စိမ်းလန်းလာခြင်း၊ ရာသီဥတုများပြန်လည် ကောင်းမွန်လာကာ ဒေသရှိပြည်သူများ သစ်ထင်းလောင်စာတွေကို စနစ်တကျနဲ့ ထုတ်ယူသုံးစွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)