ဘားအံ၊ နမ့်ခမ်း၊ မံစီနှင့် ပင်လယ်ဘူးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၁၃ ဇန်နဝါရီ

 

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် ဘားအံမြို့နယ်၊ ဘားအံ-မော်လမြိုင် ကားလမ်း၊ ဇာသပြင်ကျေးရွာ လမ်းဆုံအနီးတွင် စိုးတင့်မောင်းနှင်လာသည့် Air Wave အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀ ကိုလည်းကောင်း၊ ထို့နောက် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအုပ်စု၊ ခရားအတွင်းကျေးရွာရှိ ၎င်းနေထိုင်သည့် နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၆၁ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆင်ဝါးနော်လမ်းထောင့်တွင် မနန်းမိုဟွမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၁၅၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့မွန်းလွဲ ၃ နာရီခွဲ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မံစီမြို့နယ်၊ ဟန်ထက်-မန်ရကျေးရွာသွားလမ်း၊ ဟန်ထက်ကျေးရွာအနီးတွင် ရဲဝင်းမောင်းနှင်ပြီး မအမ်မင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ရှေ့ပြေးဆိုင်ကယ်အဖြစ် အိုက်မန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် အိုက်မန်မှ ဆိုင်ကယ်အားထား၍ ထွက်ပြေးလွတ်မြောက်သွားသဖြင့် မော်တော်ဆိုင်ကယ်များအား ဆက်လက်ရှာဖွေရာ ဘိန်း ဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ဟဲသတ်ကျေးရွာအနီး၊ ကောလင်း-ပင်လည်ဘူးကားလမ်း၊ ကီလိုတိုင် အမှတ်(83 Km)တွင် ရဲအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၅ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား