အီရန်က နိုင်ငံ၏ တောင်ဘက်ရေပြင်၌ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်

တီဟီရန် ၁၃ ဇန်နဝါရီ

အီရန်ရေတပ်သည် “Eqtedar-99” ဟု အမည်ပေးထားသော နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံ၏ တောင်ဘက်ရေပြင်တွင် ယနေ့စတင်ခဲ့ကြောင်း တာ့စ်နင်မ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို အီရန်တပ်မတော်(ကြည်းတပ်)မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက်ဟိုစိန်ဘာကယ်ရီ၊ တပ်မှူး ဗိုလ်ချုပ်ဘက်ဒိုလာဟင်မိုဆာဗီနှင့် အခြား အီရန်အဆင့်မြင့်တပ်မှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ရေးလေ့ကျင့်မှုဇုန်မှာ နိုင်ငံ၏ တောင်ဘက်မာ့ခ်ရန် ကမ်းရိုးတန်းတစ်လျှောက်လုံးအထိ ကျယ်ဝန်းမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံတစ်ဝန်းရှိ အီရန်ရေတပ်စခန်းများမှ အမျိုးမျိုးသောတပ်ဖွဲ့များ ပါဝင်လေ့ကျင့်ကြကြောင်း သိရသည်။

ထို့အပြင် အီရန်ရေတပ်၏ တောင်ပိုင်းသင်္ဘောအုပ်စုသည် စစ်ရေးလေ့ကျင့်မှုစတင်စဉ် လောင်စာဆီနှင့် ရေသန့် တန်ချိန် ၁၀၀၀၀၀ ခန့် တင်ဆောင်နိုင်စွမ်းရှိသော သင်္ဘောတစ်စင်းကို လက်ခံရရှိခဲ့ပြီး လောင်စာဆီနှင့် ရေသန့်ကို အမျိုးမျိုးသော ရေတပ်စခန်းများရှိ စစ်သင်္ဘောများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်္ဘောသည် ဆိပ်ကမ်းမဆိုက်ဘဲ ရက်ပေါင်း ၁၀၀၀ ကြာ ခရီးရှည်ဆက်တိုက် ခုတ်မောင်းနိုင်ကြောင်း သိရသည်။

သင်္ဘောပေါ်မှ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းရှိသည့် အီရန်ရေတပ်၏ ဇယ်ရက်အမည်ရှိ အဆင့်မြင့်သံချပ်ကာ စစ်သင်္ဘောသည် အီရန်ပိုင်နက်ရေပြင် ကာကွယ်စောင့်ရှောက်ရေးအတွက် အီရန်ရေတပ်ကို အကူအညီပေးမည်ဖြစ်ကြောင်း တာ့စ်နင်မ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ