အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် ၊ ၁၄  ဇန်နဝါရီ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ပြည်သူများ စားရေး သောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက် ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ကြို့ကုန်းအရှေ့ရပ်ကွက် မဟာသုခိတာလမ်းနှင့် YIT ကျောင်းတို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်/စက်မှုအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်ကာ အင်းစိန်မြို့နယ်အတွင်းရှိ လူသွားလူလာများသော နေရာများသို့ ဈေးကားများဖြင့် သွားရောက် ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)