ကော့ကရိတ်မြို့၌ ရာသီစာဖြစ်သည့် အင်ဥများ စျေးကောင်းရရှိသည့်အတွက် ရောင်းချသူများအနေဖြင့် အဆင်ပြေ

ကော့ကရိတ်   မေ   ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ကမ္မရာ၊ ဆိတ်ဖူးကုန်းနှင့် တံတားကျိုးကျေးရွာတို့တွင် ထွက်ရှိသော ရာသီစာဖြစ်သည့် အင်ဥများ စျေးကောင်းရရှိသည့်အတွက် ကော့ကရိတ်မြို့မစျေးတွင် ခင်းကျင်းရောင်းချသူများ အနေဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အင်ပင်များသည် ကော့ကရိတ်မြို့ရှိ ကမ္မရာ၊ ဆိတ်ဖူးကုန်းနှင့် တံတားကျိုးစသည့် ကျေးရွာများတွင် သဘာဝအလျောက် အင်ပင်များ ပေါက်ရောက်လျက်ရှိပြီး မိုးရာသီကာလတွင်သာ အင်ဥများထွက်ရှိရာ ကျေးရွာနေပြည်သူများအနေဖြင့် ငွေအရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ ရှာဖွေကြရာ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် အင်ဥ နို့ဆီဘူး (၅၀)မှ (၁၀၀)အထိ ရှာဖွေရရှိနေကြောင်း သိရသည်။

အင်ဥတွင် အင်ဥချောနှင့် အင်ဥကြမ်းဟူ၍ နှစ်မျိုးရှိပြီး အင်ဥချောမှာ စားသုံးသူများ ပိုမိုကြိုက်နှစ်သက် သည့်အတွက် အင်ဥကြမ်းထက် ပို၍ စျေးကောင်းရရှိကြောင်း၊ ယမန်နှစ်က အင်ဥချောနို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ အထိသာ စျေးရရှိပြီး ယခုနှစ်တွင် အင်ဥကြမ်း နို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၁၀၀၀အထိ စျေးရရှိနေပြီး၊ အင်ဥချော နို့ဆီဗူးတစ်ဗူးလျှင် ငွေကျပ် ၁၈၀၀ မှ ၂၀၀၀ အထိ စျေးကောင်း ရရှိသည့်အပြင် ဝယ်ယူစားသုံးသူ များပြားသည့်အတွက် နေ့စဉ် အရောင်းသွက်လျက်ရှိကြောင်း ကော့ကရိတ် မြို့မစျေး၌ အင်ဥခင်းကျင်းရောင်းချနေသူတစ်ဦးထံမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)