၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ်တွင် ဘရာဇီးအသင်းက အီကွေဒေါအသင်းကို အနိုင်ရ

၆ ဇွန်

၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်အဖြစ် ဘရာဇီးနှင့် အီကွေဒေါအသင်းတို့ ပွဲစဉ်ကို ဇွန် ၅ ရက် နံနက်ပိုင်းက ဘရာဇီးအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရာဇီးအသင်းက နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဘရာဇီးအသင်းအတွက် ဂိုးများကို ရစ်ချတ်လီဆန်နှင့် နေမာတို့က သွင်းယူပေးနိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် ဘရာဇီးအသင်း သည် ဘက်ကာ၊ မာကွင်ဟိုစ်၊ ကက်စမဲရိုး၊ ဖရက်၊ ရစ်ချတ်လီဆန်၊ ဘာဘိုဆာ၊ နေမာစသည့် အဓိကကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့သည်။ အီကွေဒေါအသင်းကလည်း ဒိုမင်ဂွက်ဇ်၊ ဖရန်ကို၊ ဗလင်စီယာ၊ မင်နာစသည့် အဓိကကစားသမား အများစုဖြင့် ဘရာဇီးအသင်းကို ရင်ဆိုင်လာခဲ့သည်။

ပထမပိုင်းတွင် အိမ်ရှင် ဘရာဇီးအသင်းသည် အီကွေဒေါအသင်းကို ဂိုးကန်သွင်းမှု အသာစီးရယူထားနိုင် ခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ဂိုးရရှိခဲ့ခြင်း မရှိပေ။ အီကွေ ဒေါအသင်းသည် ယနေ့ ပွဲစဉ်တွင် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။ ဘရာဇီးအသင်းရော အီကွေဒေါအသင်းပါ ပထမပိုင်းတွင် ဂိုးသွင်းနိုင်ခြင်း မရှိသဖြင့် ဂိုးမရှိသရေ ဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်းတွင် အိမ်ရှင် ဘရာဇီးအသင်းသည် ဖရက်၏ နေရာကို ဂျီးဆပ်ဖြင့် အစားထိုးပြီး တိုက်စစ်မြှင့်တင်ခဲ့သည်။

ထို့နောက် ပွဲချိန် ၆၅ မိနစ်တွင် ဘရာဇီးအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ အဆိုပါဂိုးကို နေမာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရစ်ချတ်လီဆန်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် အီကွေဒေါအသင်း ချေပဂိုးရရှိရေးအတွက် ကစားသမားအပြောင်းအလဲပြုလုပ်ပြီး ဘရာဇီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ သို့သော်လည်း ဘရာဇီးအသင်း၏ ဖိအားပေးမှု၊ ဂိုးကန်သွင်းမှုများကိုသာ ဆက်တိုက်ခံခဲ့ရသည်။ ။

ပွဲချိန်ပြီးဆုံးခါနီးတွင် ဘရာဇီးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့သည်။ အဆိုပါ ပယ်နယ်တီကို နေမာက ကန်သွင်းယူနိုင်ခဲ့၍ ဘရာဇီး အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရာဇီးအသင်းသည် ယနေ့ပွဲစဉ်တွင် အီကွေဒေါအသင်းကို အနိုင်ရရှိခဲ့မှုကြောင့်တောင်အမေရိကအုပ်စု၏ အမှတ်ပေးဇယားတွင် ရမှတ် ၁၅ မှတ်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲနှင့်အတူ ဦးဆောင်နိုင်ခဲ့သည်။

ထို့အပြင် ဘရာဇီး အသင်းသည် အုပ်စုဒုတိယနေရာမှ အာဂျင်တီးနားအသင်းကိုလည်း လေးမှတ်အထိ ဖြတ်ထားနိုင်သည်။ ဘရာဇီးအသင်းသည် လာမည့်ပွဲစဉ်အဖြစ်ဇွန်၉ ရက်တွင် ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်