ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၉ ဇွန်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ စစ်ဆေးသူများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်အသီးသီး၌ ကျွမ်းကျင်မှုရှိအောင် သင်ယူလေ့လာနေကြရန်၊ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲနည်းသင်တန်းနှင့် မြေ၊ အဆောက်အဦ၊ စက်နှင့်စက်အရန်ပစ္စည်း စသည့် ပုံသေပိုင်ပစ္စည်းများနှင့် သက်ဆိုင်သည့် အစီအမံ Asset Management Plan ရေးဆွဲနည်းသင်တန်း များဖွင့်လှစ်သင်ကြားပေးရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားများ ထိခိုက်ပျက်စီးမှု မရှိစေရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန်၊ လုပ်ငန်းသုံးအထောက်အကူပြု စက်ကိရိယာပစ္စည်းများအား ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုနိုင်ရေး လေ့လာသင်ယူကြရန်၊ လျှပ်စစ်သင်တန်းနှင့် ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းမောင်းနှင်မှု သင်တန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

သတင်းစဉ်