မင်းဘူးမြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော  သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများ  လှူဒါန်း

မင်းဘူး၊ ၁၁  ဇွန်        

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ မင်းဘူးစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား သတ္တမ အကြိမ်မြောက် အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၁၃၈၃ ခုနှစ် နယုန်လဆန်း ၁ ရက်) ဇွန် ၁၀ရက် ညနေ ၃ နာရီက မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားစေတီတော်ရှိ သံဃသာမဂ္ဂီ သိမ်ဓမ္မာရုံတော်ကြီးအတွင်း၌ ကျင်းပခဲ့ သည်။

အခမ်းအနားတွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ မင်းဘူးစာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတွင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနမှ ဩဝါဒကထာ ချီးမြှင့်မိန့်ကြားတော်မူပြီး ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီး (၁၁)ပါးအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စာအောင် ရဟန်း/ သာမဏေ/သီလရှင် စုစုပေါင်း (၁၇)ပါးတို့အား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်မိသားစုများက အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ စာမေးပွဲတွင် ရဟန်း/သာမဏေ/သီလရှင် (၂၉)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ပထမကြီးတန်းတွင် ရဟန်း ၂ ပါး၊ ပထမလတ်တန်းတွင် ရဟန်း ၃ ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၂ ပါးနှင့် သီလရှင် ၂ ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း ၅ ပါးနှင့် သီလရှင် ၃ ပါး၊ စုစုပေါင်း (၁၇)ပါး  အောင်မြင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)