ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၆ ဦးဆက်လက်ဝင်ရောက်

မြဝတီ သြဂုတ် ၃

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၆ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊  ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ မြဝတီခရိုင်နှင့်ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ချက်ခြင်းစစ်ဆေးပေးမည်ဖြစ်ကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာတွင် ကုသမှု ခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက်လုံးကြီး ကွာရတင်းစခန်းတွင်(၁၀)ရက်ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အခြားသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်အား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်းတို့အား  သက်ဆိုရာတိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၂၀၆ ဦးရှိကြောင်း သိရသည်။

ထိန်လင်းအောင်