ရိုမေးနီးယားကို အနိုင်ရရှိပြီးနောက် ဒုတိယနေရာမှ မြောက်မက်ဆီဒိုးနီးယားကို ခြောက်မှတ်ဖြတ်နိုင်ခဲ့သည့် ဂျာမနီ

 

အောက်တိုဘာ ၁၀

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် နာမည်ကြီး ဂျာမနီအသင်းနှင့် ရိုမေးနီးယားအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမနီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရိုမေးနီးယား အသင်းအတွက် သွင်ဂိုးကို ဟာဂီက သွင်းယူပေးပြီး ဂျာမနီအသင်းအတွက် သွင်းဂိုးများကို ဂနာဘရီနှင့် မူလာတို့က သွင်းယူပေးခဲ့ သည်။

တီမိုဝါနာ ဦးဆောင်လာသည့် ဂျာမနီအသင်းသည် ရိုမေးနီးယားအသင်းအပေါ် ပွဲစသည်နှင့် တစ်ပြိုင်နက် ဖိအားပေးကစား နိုင်ခဲ့သော်လည်း ပြိုင်ဘက်ခံစစ် နှင့် ဂိုးသမားတို့ အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည့်အတွက် ဂိုးရ ရှိရန် ရုန်းကန်ခဲ့ရသည်။

ဂျာမနီအသင်းသည် ကမ္ဘာ့ ဖလားခြေစစ်ပွဲအုပ်စု (၂) တွင် ကျရောက်နေပြီး ပွဲစဉ် (၇) ယှဉ် ပြိုင်ကစားပြီးနောက် ဒုတိယ နေရာမှ မြောက်မက်ဆီဒိုးနီးယား အသင်းကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်ပြီ ဖြစ်သည်။ ယနေ့ ပွဲစဉ်တွင် ဦးဆောင်ဂိုးကို ရိုမေးနီးယားအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ကိုးမိနစ်တွင် ဟာဂီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ဂျာမနီအသင်းက ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပထမပိုင်းကို ရိုမေးနီးယားအသင်းက တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ပွဲချိန်အများစုကို ထိန်းချုပ်ကစားနိုင်ခဲ့သည့် ဂျာမနီအသင်းသည် ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ရှုစ်၏ ဖန်တီးမှုမှ ဂနာဘရီက သွင်းယူပေးခဲ့သည်။ ဂျာမနီအသင်းသည် ရိုမေးနီးယားအသင်းထက် စုဖွဲ့မှုအားကောင်းသည့် အသင်းဖြစ်သည့်အတွက် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း တွင်လည်း ရိုမေးနီးယားအသင်း ထက်သာလွန်ကာ ပိုမိုကောင်းမွန်သည့် ကစားဟန်ကို ထုတ်ပြနိုင်ခဲ့သည်။ ဂျာမနီအသင်းအတွက် ဒုတိယဂိုးကို ၈၁ မိနစ်တွင် လူစားဝင်ကစားသမား သော မတ်စ်မူလာက သွင်းယူပေးနိုင်ခဲ့ သည်။

ဂိုးသွင်းယူနိုင်ခဲ့သော မူလာ သည် ဂျာမနီအသင်းအတွက် နောက်ဆုံးဂိုး သွင်းယူနိုင်ခဲ့သည် မှာ ၂၀၁၇ ခုနှစ် မတ်လတွင် ယှဉ်ပြိုင်ကစားခဲ့သည့်အဇာဘိုင်ဂျန်အသင်းနှင့် ပွဲစဉ်တွင် ဖြစ်သည်။ ၎င်းသည် နည်းပြဂျိုအာ ချင်လိုလက်ထက်တွင် နှစ်နှစ်ကြာ ဂျာမနီအသင်းနှင့် ပွဲကစားခွင့် ဝေးကွာခဲ့သူလည်း ဖြစ်သည်။

ဂျာမနီအသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် နည်းပြ ဂျိုအာချင်လို၏နေရာကိုဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဟန်ဆီ ဖလစ်ကို အစားထိုးခန့်အပ်ပြီးနောက် အသင်း၏ရလဒ်ပိုင်း သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့သည့် လေးပွဲတွင် လေးပွဲစလုံးအနိုင်ရရှိထားသည်။

အခြားသောပွဲစဉ် ရလဒ်များတွင် ချက်နှင့်ဝေးလ်အသင်းတို့ပွဲစဉ်၌ တစ်ဖက်နှစ်ဂိုးစီ၊ တူရကီနှင့် နော်ဝေအသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး နယ်သာလန် အသင်းက လတ်ဗီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ခရိုအေးရှား၊ အသင်းကဆိုက်ပရပ်စ်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ ရုရှားအသင်းက ဆလိုဗက်ကီးယား အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မြောက်မက်ဆီ ဒိုးနီးယားအသင်းက လက်ချင် စတိန်းကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အောင်ဇော်