မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူ ၂၂၆ဝ၄ ဦးအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

မိတ္ထီလာ အောက်တိုဘာ ၁၁ 

နိုင်ငံတစ်ဝန်း၌  ကိုဗစ်၁၉ရောဂါကြောင့် ထိခိုက်နစ်နာရသည့်ကဏ္ဍများတွင်ပညာရေးကဏ္ဍလည်း ပါဝင်သည်။ ကျောင်းများကို လပေါင်းများစွာ ပိတ်ထားရခြင်းကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ်များမှာ ပညာရေးနှင့် ဝေးနေရကြရသည်။ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကို ရှေးဦးစွာဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။ 

အဆိုပါကျောင်းသူကျောင်းသားများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများ  ရရှိလာမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက်  အခြေခံပညာကျောင်းသားကျောင်းသူ ၂၂၆ဝ၄ ဦးအား ကိုဗစ်၁၉ ရောဂါကာကွယ် များကို လာမည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုကာကွယ်ဆေးထိုးနှံပေးရေးနှင့်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေ အနေများကိုမိတ္ထီလာမြို့နယ်ပညာရေးမှူးနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များထဲမှ တချို့ကို တင်ပြလိုက်ပါသည်။

မေး ။ မင်္ဂလာပါဆရာ။  ဆရာ့အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ရာထူးတာဝန်ကို ကနဦး မိတ်ဆက်ပြောပေးပါဦး ခင်ဗျာ။

ဖြေ။ ဦးဝင်းဗိုလ်၊ မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

မေး။ မြို့နယ်အတွင်းက အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့စီစဉ်ဆောင်ရွက်နေတဲ့အခြေအနေလေးပြောပေးပါခင်ဗျာ။

ဖြေ။ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံပေးနိုင်ဖို့  မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ဆေးထိုးအုပ်စုအဆင့် လုပ်ငန်း ဆောင်ရွက်မှု ကော်မတီ၊ ကျောင်းအဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ ဆိုပြီး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ မှာ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ 

မေး။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ဘယ်လောက်ရှိပါသလဲဆရာ ။ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအရေအတွက် နဲ့ တစ်ဆက်တည်း မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသားကျောင်းသူစုစုပေါင်း ဘယ်နှစ်ဦးကို ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးပေးမှာလည်းဆိုတာပါ ဖြေပေးပါဦးခင်ဗျာ။

ဖြေ ။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိပါတယ်။ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၆ဝ၄ ဦးကို ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး။ အခုလို ကျောင်းသားကျောင်းသူများကို  ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အဖွဲ့အစည်းများကိုလည်းပြောပေးပါဦးဆရာ။

ဖြေ။  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုဝန်ထမ်း၊ အမျိုးသမီးရေးရာ၊ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ တို့ဖြစ်ပါတယ်။

မေး။ ဆေးထိုးစုရပ် ဘယ်နှစ်ခုခွဲပြီးထိုးပေးမှာပါလဲခင်ဗျာ။ ဆေးထိုးစုရပ်တွေနဲ့ ဆေးထိုးပေးမယ့်နေ့ရက်တွေကိုသက်ဆိုင်တဲ့ကျောင်းသားကျောင်းသူများ သိရှိလာရောက်ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲခင်ဗျာ။

ဖြေ။    ဆေးထိုးစုရပ် ၁၂ နေရာခွဲပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးထိုးပေးမယ့် နေ့ရက်များနဲ့ နေရာများကို သက်ဆိုင်တဲ့ကျောင်းသားကျောင်းသူတွေ သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနဲ့ ချိတ်ဆက် အသိပေးသွားမှာဖြစ်ပါတယ်။

မေး။ မြို့နယ်အတွင်းအခြေခံပညာကျောင်းများက ဆရာဆရာမများရော ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးပြီလား ခင်ဗျာ။

ဖြေ။ ဆရာဆရာမအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်စီထိုးနှံပြီးစီးပါပြီ ။

မေး။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခြေအနေလေးကို ပြောပေးပါဦးခင်ဗျာ။

ဖြေ။ မကြာခင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနဲ့ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ပြီး စာသင်ခုံများကိုလည်း တစ်ခုံနဲ့ တစ်ခုံ ၄ ပေ စီခြားပြီး စီစဉ်ထားရှိခြင်း ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ခြင်း တို့ကိုသက်ဆိုင်ရာကျောင်းအုပ်များထံ ညွှန်ကြားစီစဉ်ထားပြီးဖြစ်ပါတယ်။

မေး။ ဆရာအနေနဲ့ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောပေးပါဦးခင်ဗျာ။

ဖြေ။ မူလတန်းအဆင့်ကျောင်းသားကျောင်းသူများကိုလည်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး နိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူတွေ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးပေးတဲ့အတွက် ပညာသင်ကြားသင်ယူခွင့်ပိုမိုရရှိနိုင်တော့မှာ ဖြစ်တဲ့ အတွက် သူတို့လေးတွေအတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။

အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများမကြာမီထိုးနှံပေးတော့မည်ဖြစ်သည် ။ကျောင်းသားကျောင်းသူများ ၏ ကျောင်းသားမိဘများအနေနှင့်  မိမိတို့၏ ရင်သွေးငယ်များ ပညာသင်ကြားသင်ယူနိုင်ခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ထိုးနှံခွင့်ရရှိသည့် ကျောင်းသားကျောင်းသူတိုင်းအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း မေးမြန်းတင်ပြလိုက်ခြင်းဖြစ်ပါသည်။  
          
တွေ့ဆုံမေးမြန်း/ဓာတ်ပုံ  ချမ်းသာ (မိတ္ထီလာ)