သဘာဝမြေဆွေးပုံနှင့် သဘာဝပိုးသတ်ဆေး လက်တွေ့ပြုလုပ်သုံးစွဲ နည်းပညာပေးသင်တန်း ဖွင့်လှစ်

အင်းတော် အောက်တိုဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဆွေးပုံနှင့် သဘာဝပိုးသတ်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို   အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက အင်းတော်မြို့ မြို့မနည်းပညာပေးစင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေး လက်တွေ့ပြသ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းသော သဘာဝ စားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင် က ပြောပြခဲ့သည်။

အဆိုပါ နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)