ပဲခူးမြို့ ကျုံးကူးတံတားတည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီး

ပဲခူး၊ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် တည်ဆောက်လျက်ရှိသည့် ပဲခူးကျုံးကူးတံတား တည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဲခူးကျုံးကူးတံတားသည် ပဲခူးမြို့ သမိန်ဗရမ်းလမ်း၊ ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းသို့ ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်သည်။

ပဲခူးကျုံးကူးတံတားသည် အရှည် ပေ(၂၁၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ(နှစ်လမ်းသွား)၊ တံတား၏ တစ်ဖက်စီတွင် (၃ ပေ ၆ လက်မ) အကျယ်ရှိ လူသွားလမ်းပါရှိပြီး လူသွားလမ်းတစ်ဖက်စီတွင် တံတားနှင့် အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် နေရာသီးသန့် ပြုလုပ်ပေးထားကြောင်း၊ ၁ မီတာ (၃ ပေ) အချင်းရှိ ဘိုးလ်ပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း၊ ကျုံးကူးတံတားအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၅၆ ဒသမ ၈၄၃)သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၆၂၀)သန်း၊ စုစုပေါင်း ငွေကျပ်သန်းပေါင်း (၁၇၇၆ ဒသမ ၈၄၃)သန်းဖြင့် ၂၀၂၀ ခုနှစ် ဧပြီလ(၁)ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးကျုံးကူးတံတား တည်ဆောက်ခြင်းဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရန်၊ ပဲခူးမြို့ပတ်ဝန်းကျင်လမ်း ကွန်ရက်ချိတ်ဆက်မှု အားကောင်းရန်၊ ပြည်သူများ နေ့စဉ်ဘဝ လှုပ်ရှားသွားလာရာတွင် လွယ်ကူချောမွေ့ပြီး မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများကိုလည်း ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“တံတားက အားလုံးနီးပါး ပြီးစီးသလောက်ပါပဲ၊ တံတားလက်ရန်းပေါ် မီးတပ်ဆင်ဖို့ ဆေးသုတ်လုပ်ငန်း ဆောင်ရွက်ဖို့နဲ့ လိုအပ်တာ လုပ်ဆောင်ဖို့က အနည်းအကျဉ်းပဲ ကျန်ပါတော့တယ်၊ နိုဝင်ဘာလဆို အားလုံးပြီးစီးမှာပါ၊ တံတားကြီးပေါ်မှာလဲ အမှတ်တရ ဓာတ်ပုံရိုက်ချင်သူတွေ အဆင်ပြေဖို့လည်း လူသွားလမ်းပေါ်မှာ နေရာလေးပြုလုပ်ပေးထားပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးမြို့ ကျုံးကူးတံတားတည်ဆောက်ခြင်းဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခေတ်စနစ်နှင့်အညီ တိုးတက်လာသော ယာဉ်များနှင့် ပြည်သူများ၏ နေ့စဉ်ဘဝ သွားလာကြရာတွင် အချိန်ကြန့်ကြာမှု လျော့နည်းစေရေး၊ ကုန်စည်စီးဆင်းမှုများ မြန်ဆန်ကောင်းမွန်စေရေးနှင့် ဘေးအန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တိုင်းမြို့တော်ဖြစ်သည့် အားလျော်စွာ မြို့၊ ရွာ၊ ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်မှု ညီမျှလာပြီး ကူးဆက်သွယ်မှုများ လွယ်ကူစေမည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများ၏ စားသောက်ရေးများ အဆင်ပြေလာခြင်း၊ စိတ်အပန်းဖြေအဖြစ် အသုံးပြုနိုင်၍လည်း ပြည်သူများဘဝ စိတ်အေးချမ်းမြေ့စေခြင်း စသည့်အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ယဉ်ဦး