၂၀၂၄ နှစ်ကုန်အထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ် နည်းပြဆောက်ဂိတ် ထပ်တိုးချုပ်ဆို

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အင်္ဂလန်အသင်းနဲ့အတူ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ထပ်တိုး ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ ယခင်ချုပ်ဆို ထားတဲ့ စာချုပ်သက်တမ်းဟာကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက အင်္ဂလန်အသင်းနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အဲဒီလို ယူရို ၂၀၂၀ ဗိုလ်လုပွဲ ရောက်ခဲ့ ခြင်းဟာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာတော့ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရှုံးခဲ့လို့ ယူရို ၂၀၂၀ ဆုဖလားရရှိမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိထားပြီဖြစ်တာကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆောက်ဂိတ်အနေနဲ့ အကောင်းဆုံးရလဒ်ထွက်ပေါ်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက နည်းပြ ဆမ်အလာ ဒွိုက်စ်ရဲ့ နေရာမှာ အစားထိုးနည်းပြအဖြစ် အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရရှိခဲ့တဲ့ ဆောက်ဂိတ်ဟာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲဒါဟာ ၂၈ နှစ်တာကာလအတွင်း အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံး အကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အသင်းဟာ ပွဲပေါင်း ၆၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၄၄ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁၄ ပွဲရှုံးပွဲကြုံခဲ့ကာ ၁၀ ပွဲ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်နဲ့အတူ လက်ထောက်နည်းပြ စတိဗ်ဟော်လန်းဟာလည်း ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ နည်းပြ ဆောက်ဂိတ်ဟာ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် စာချုပ်သစ်အရ တစ်နှစ်လျှင် လုပ်ခလစာ ပေါင် ငါးသန်းနဲ့ ခြောက်သန်းကြား တိုးမြှင့်ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်