ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲဆက်တိုက် လီဝန်ဒိုစကီး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိ

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု အုပ်စု(E)ရဲ့ ငါးပွဲမြောက်အဖြစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ငါးပွဲစလုံးအနိုင်ရရှိခဲ့ကာ ရာနှုန်း ပြည့်နိုင်ပွဲရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၁၄ မိနစ်မှာ တိုက်စစ်မှူး လီဝန်ဒိုစကီးနဲ့ ပွဲကစားချိန် ၄၂ မိနစ်မှာ တောင်ပံကစားသမား ကိုးမန်းတို့က သွင်းယူ ပေးခဲ့ပြီး ဒိုင်နမိုကိဗ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၇၀ မှာ ဟာမက်ရှ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ကိုးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှု နှစ်ကြိမ်ရှိခဲ့တဲ့ ပထမဆုံး ကစားသမား တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ လီဝန်ဒိုစကီးဟာ ယခင်ကလည်း ချန်ပီယံလိဂ်ကိုးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှု တစ်ကြိမ်ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ နစ္စတယ်ရွိုင်းနဲ့ စီရိုနယ်လ်ဒိုတို့ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကိုးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီကစားသမားနှစ်ဦးဟာ ချန်ပီယံလိဂ် ကိုးပွဲ ဆက်တိုက်ဂိုးသွင်းယူနိုင်မှု တစ်ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်