လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စံချိန်တင်မြင့်တက်

နိုဝင်ဘာ ၂၅

 

လာအိုနိုင်ငံတွင် ပြီးခဲ့သည့်ကြာသပတေးနေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၀၁ ဦးဖြင့် ကူးစက်မှု စံချိန်ကိုကျော်ကာ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်သူဦးရေ ၁၅၀၄ ဦးရှိရာ နေ့စဉ်ကူးစက်မှုတွင် ကူးစက်မှုထပ်မံမြင့်တက်ခြင်း ဖြစ်သည်။

 

လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရတ်တနချေဖီဆိုဗန့်က နိုင်ငံတစ်ဝန်းရောဂါကူးစက်ခံရသူပေါင်း ၆၇၃၂၂ ဦးရှိပြီး ထိုရောဂါကူးစက်မှုကြောင့်  တစ်ဦးထပ်မံသေဆုံးကာ သေဆုံးသူပေါင်း ၁၄၃ ဦး ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ယနေ့ပြောကြားခဲ့သည်။

 

ထပ်မံရောဂါ ကူးစက်ခံရသူများအနက် နှစ်ဦးသည်ပြည်ပကူးစက်မှုဖြစ်ပြီး ၁၅၀၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်။

 

ဗီယင်ကျန်းမြို့တွင် အုပ်စုလိုက်ကူးစက်မှုများ ထပ်မံဖြစ်ပွားကာ ရောဂါကူးစက်သူဦးရေ အမြင့်မားဆုံးဖြစ်သည်။

 

လာအိုနိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသူနှစ်ဦး ပထမဆုံးတွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို