ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ကျင်းပ

ပဲခူး နိုဝင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၁)အစည်းအဝေးကို နိုဝင်ဘာလ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ သဘာဝမြေဩဇာစက်ရုံနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံများ တည်ဆောက်နိုင်ရေး ပြည်ပလုပ်ငန်းရှင်များ  ဖိတ်ခေါ်၍ ဒေသတွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။          

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးစက်မှုနယ်မြေအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Wiawis Myanmar Co., Ltd  မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ (၆)သန်းဖြင့် CMP စနစ်ဖြင့် ပြိုင်ဘီးထုတ်လုပ်သည့်လုပ်ငန်းမှ ထပ်မံ၍ ပြိုင်ပွဲဝင် လေးနှင့်မြားထုတ်လုပ်သည့် လုပ်ငန်း တိုးချဲ့ဆောင်ရွက်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုပမဏ အမေရိကန်ဒေါ်လာ (၁)သိန်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)