ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့(PATA)က စီစဉ်ကျင်းပသော Virtual PATA Destination Marketing Forum-2021 ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

           

ပစိဖိတ်- အာရှခရီးသွားလုပ်ငန်းအဖွဲ့ (PATA) မှ ဦးဆောင်၍ Ministry of Tourism, Arts & Culture Sarawak နှင့် Sarawak Tourism Board တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Virtual PATA Destination Marketing Forum-2021 ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက် အထိ မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၊ ကူချင်းမြို့တွင် ကျင်းပလျက်ရှိသည်။

 

အဆိုပါအဖွဲ့၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြ သည်။

           

ဖိုရမ်၏ ပထမနေ့ နံနက် ၇ နာရီခွဲ၌ ပစိဖိတ်- အာရှခရီးသွားလုပ်ငန်းအဖွဲ့ Pacific Asia Travel Association (PATA)မှ Communication & External Affairs ၏ ညွှန်ကြားရေးမှူး Mr.Paul Pruangkarn က ဖိုရမ်နှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းတင်ပြခြင်း၊ ဆာရာဝပ်ပြည်နယ်ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၏ ဥက္ကဌ  Mr. Dennis Ngau နှင့် PATA ၏ CEO, Ms. Liz Ortiguera တို့က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ Twenty 31 Consulting Inc ၏ Partner,  Mr. Greg Klassen က Moving Beyond Destination Marketing to Destination Management ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ Palau Visitors Authority ၏  Managing Director,  Mr. Kadoi Ruluked က Destination Case Studies on Sustainability from Asia Pacific ခေါင်းစဉ်ဖြင့် Palau ၏ ခရီးသွားလုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊  BBC Travel Editor,  Anns Banas က Crafting Stories for Destinations ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ Khiri Travel ၏ CEO and Co-Founder,  Willem Niemeijer က How an Accommodation Looks to Change the World ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ Virtual Tour များပြသခြင်းနှင့် ဖိုရမ်ပထမနေ့ ဆွေးနွေးမှုများကို ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ဖိုရမ်၏ ဒုတိယနေ့အစီအစဉ်များတွင် မော်လ်ဒိုက်နိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ကြီး Dr. Abdulla Mausoom က အဖွင့်အမှာစကား ပြောကြားခြင်း၊ သီရိလင်္ကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့၏ ခရီးသွား ဈေးကွက် ညွှန်ကြားရေးမှူး  Mr. Dushan Wickramasuriya တို့က Best Practices of COVID-19 Recovery ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခြင်း၊ Ministry of Tourism,  Arts and Culture နှင့် Ministry of Youth and Sports Sarawak ၏ ဝန်ကြီး Dato Sri Haji Abdul Karim Rahaman Hamzah က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

 

ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့သည် ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာရှနှင့် ပစိဖိတ် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါအဖွဲ့အစည်းသည်အဖွဲ့ ဝင် နိုင်ငံများကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပံ့ပိုးပေးခြင်း၊ သုတေသန နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ရန် အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေပေးလျက်ရှိသည်။ လက်ရှိတွင် အဖွဲ့ဝင်များအဖြစ် နိုင်ငံပေါင်း (၈၂) နိုင်ငံ၊  နိုင်ငံတကာလေကြောင်းလိုင်း (၁၄) လိုင်း၊ ဧည့်ဝန်ဆောင်မှုဆိုင်ရာအသင်းအဖွဲ့ (၇၁) ဖွဲ့၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်း (၇၅)ခုနှင့် တစ်ကမ္ဘာလုံးမှ ထောင်ပေါင်းများစွာသော လူငယ် များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ် မှစတင်၍  PATA သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)