ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင် လမ်းတွင် အောင်ကျော်မင်း(ခ)အန်းဒြူး(၃၃)နှစ် မောင်းနှင်ပြီး စိုင်းဦးမောင်(ခ)စိုင်းမောင်(၁၉)နှစ် လိုက်ပါလာသော FUSO အမျိုးအစား ၆ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေ ကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)  ၁၁၂ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၄ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

 (သတင်းစဉ်)