ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ တက်ရောက်

ထားဝယ်       ဇန်နဝါရီ  ၁၄

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များ အတွင်း ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံအတွင်း အခြေပြုမှီတင်း နေထိုင်သော မွေးရာပါ တိုင်းရင်းသားအားလုံးနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကာယကံရှင် ပြည်သူများထံ လွယ်ကူလျင်မြန်စွာ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံချက်တစ်ခုဖြစ်သဖြင့်  အခြားသော ဆက်စပ်ဌာနများနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်မည်ဖြစ်ကြောင်း။

 

 နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည့် အထောက်အထားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးကြီးသည့် ကတ်ပြားဖြစ်သည်နှင့်အညီ နိုင်ငံသားအားလုံးက မဖြစ်မနေ ဆောင်ရွက်ကိုင်ဆောင်ထားကြရန်လိုကြောင်း၊ ပြည်သူများ ကုန်ကျစရိတ်သက်သာစေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ  ကတ်ပြားမရှိသေးသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများထံ အသိပေး အကြောင်းကြားကာ ဆက်သွယ်ဆောင်ရွက်ကြရန် လိုကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယခုအထိ  အိမ်ထောင်စုလူဦးရေစာရင်း(၄၆၀၅)ခုနှင့် နိုင်ငံသား စိစစ်ရေးကတ် (၈၆၉၉)ကတ် ဆောက်ရွက်ပြီးဖြစ်ကြောင်း၊ မြို့နယ်အလိုက်သတ်မှတ် ကာလအတွင်း  ဆောင်ရွက်ရမည့် လျာထားချက် ပြည့်မီပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထားဝယ်ခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၉၁)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၂၉၂၂)ကတ်ကို ကာယကံရှင်ပြည်သူများသို့ ပေးအပ်ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)