အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်မည်

ရန်ကုန်   ဇန်နဝါရီ   ၁၉

ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ယင်းပြိုင်ပွဲတွင် တာဝန်ထမ်းဆောင် ခွင့်ရခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အရှေ့တောင်အာရှနိုင်ငံများမှ ဒေါ်သိန်းသိန်းအေး အပါအဝင် စင်ကာပူနှင့် ထိုင်းတို့မှ တစ်ဦးစီ စုစုပေါင်းသုံးဦးသာ ရွေးချယ်ခံရ ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ကွင်းလယ်ဒိုင်လူကြီး ၁၆ ဦး၊ စည်းကြပ်ဒိုင်လူကြီး ၁၆ ဦး၊ Video Assistant ဒိုင်လူကြီး ခြောက်ဦး ရွေးချယ်ထားသည်။

ကွင်းလယ်ဒိုင်လူကြီးများတွင် သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဥဇဘက်ကစ္စတန်၊ စည်းကြပ် ဒိုင်လူကြီးများတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ဂျပန်၊ ကာဂျစ္စတန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ Video assistant ဒိုင်လူကြီးများတွင် အီရတ်၊ တောင်ကိုရီးယား၊ ကာတာ၊ ထိုင်းနှင့် အိုမန်တို့မှ ရွေးချယ်ခံထားရသည်။

ဒေါ်သိန်းသိန်းအေးသည် အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့် အမျိုးသမီးပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်ဖူးသည့် ဖီဖာအသိအမှတ်ပြု အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးဖြစ်ပြီး အမြင့်ဆုံးပြိုင်ပွဲအဖြစ် ၂၀၁၆ ခုနှစ်က ပူပါအာနယူးဂီနီနိုင်ငံ၌ ပြုလုပ်သည့် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ယခုအာရှဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

ကိုညီလေး