ပရီမီယာလိဂ် နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့မှုနဲ့အတူ ချယ်လ်ဆီးကစားသမားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေပြီဟု တူချယ်ပြောကြား

ချယ်လ်ဆီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၃ အဖြစ် ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့တဲ့ မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင် ခဲ့ပါတယ်။

တတိယနေရာမှာ ရပ်တည်

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့မှာ အိမ်ကွင်း၌ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ထားခဲ့ပြီး ယခု ဒုတိယအကျော့မှာလည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၂ မှတ်အကွာ၊ အမှတ်ပေး ဇယား ဒုတိယနေရာက လီဗာပူးအသင်းနဲ့ တစ်မှတ်အကွာအနေအထားနဲ့ အမှတ်ပေးဇယား တတိယ နေရာမှာ ရပ်တည်နေပြီး ပရီမီယာလိဂ်ဆုဖလားရရှိမယ့် မျှော်လင့်ချက်လည်း ရိုက်ချိုးခံခဲ့ရတာဖြစ်ပါ တယ်။

ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ် ခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေကြပြီဖြစ်တယ်လို့ ချယ်လ်ဆီးအသင်း နည်းပြ တူချယ်က ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီမီယာလိဂ်ခုနစ်ပွဲမှာ အက်စ်တွန်ဗီလာအသင်း တစ်သင်းကိုသာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အခြားပွဲစဉ်တွေမှာ အဲဗာတန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေ၊ ဝုလ်ဗာဟမ်တန်အသင်းနဲ့ ဂိုးမရှိသရေ၊ လီဗာပူးအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေ၊ ဘရိုက်တန်အသင်းနဲ့ ပထမအကျော့မှာ တစ်ဖက် တစ်ဂိုးစီသရေ၊ မန်စီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်၊ ယခုဘရိုက်တန်နဲ့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ စသဖြင့် ရလဒ်အသီးသီး ထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပွဲကစားချိန် ၂၈ မိနစ်မှာရရှိခဲ့တဲ့ ဇီယက်ချ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့်ပွဲကစားချိန် မိနစ် ၆၀ မှာ ဘရိုက်တန်ကစားသမားဝက်ဘ်စတာရဲ့ ချေပဂိုးသွင်းယူမှုကို ခွင့်ပြုပေးလိုက်ရတာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်