မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းစေရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မော်လမြိုင် ဇန်နဝါရီ ၂၁

 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ နံနက်ပိုင်းက သထုံမြို့နယ် အင်းရှည်ရွာတွင် စက်မှုနယ်မြေ (သထုံ) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် စက်ရုံတာဝန်ခံမှ လက်ရှိ စက်ရုံအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝ ပြန်လည်ကုစားမှုအနေဖြင့် ဒေသတွင်းပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသထွက်ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အတွက် စက်ရုံနယ်မြေများ၊ စက်မှုဇုန်များ၊ စက်ရုံစုများ တည်ထောင်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက ၃၅၀ ဖော်ထုတ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးကဏ္ဍ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းနှင့် အခြားလိုအပ်သည်များကို  ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ ဆန်ရေစပါး ပေါများစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဓိကထား ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြား၍  လိုအပ်သည်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့်  ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို အသုံးပြုခြင်းဖြင့် သီးနှံအထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် တောင်သူများအား စိုက်ပျိုးနည်းစနစ်ပညာပေးခြင်း၊ မျိုးစပါးများ၊ ဓါတ်မြေဩဇာများ၊ လယ်ယာမြေစိုက်ကွက်များ ဖော်ထုတ်ပေးခြင်းအပြင် စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများအား အချိုးကျ၊ အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)