ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  စစ်တွေခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ ၂၃ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်သူရ၊ ဦးစံရွှေမောင်တို့နှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံ စီးပွားရေး အထူးဇုံ တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာ ကျေးရွာအနီးရှိ ပဒေသာရေတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေနည်းလို သီးထပ်သီးနှံ စိုက်ပျိုးနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး တွဲဖက်လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ကွမ်းတောင်ကျေးရွာရှိ Advanced Seafood Industries ကုမ္ပဏီများ၏ ကဏန်းပျော့မွေးမြူထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မိမိတို့၏ ထုတ်ကုန်များကို အစားအစာ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်ရာဈေးကွက်၏ စံသတ်မှတ်ချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ နှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနမှ တည်ဆဲဥပဒေများနှင့် အညီ ကူညီပံ့ပိုးပေးနေမှုများကို ဆွေးနွေးပြောကြားသည်။

 

အလားတူ ကျောက်တန်းကြီး ဥစားကြက် မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေး အားပေးကြပြီး လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းပေးခဲ့ကြသည်။

 

ယင်းနောက် စစ်တွေမျိုးသန့်ခြံသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စပါးအပြီး သီးထပ် စိုက်ပျိုးနိုင်ရေးအတွက် သင့်တော်သည့် သီးထပ်သီးနှံပုံစံကို ရှာဖွေဖော်ထုတ်ရန်နှင့် သီးထပ်သီးနှံမျိုးများ၏ သင့်တော်သော စိုက်ပျိုးချိန် ရှာဖွေဖော်ထုတ်ရန် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စမ်းသပ်စိုက်ပျိုး ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြုလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးရေ သောက်သုံးရေဖူလုံရေး၊ စက်မှုလယ်ယာစနစ် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ဆေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေ တစ်သန်းကျော်ရှိသည့်  ရခိုင်ပြည်နယ်၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးထပ်စွမ်းအားတိုးမြှင့် ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေဧရိယာများစွာ ကျန်ရှိနေသေးရာ နှစ်ရှည်ဝင်ငွေရမည့် ဥယျာဉ်ခြံ လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ အလားတူ ငါး၊ ပုစွန်များကို သဘာဝပင်လယ်ပြင်မှ ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ တိုးပွားလာရေးအတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လိုသူများ နှင့် စီးပွားဖြစ် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူများ၏ လိုအပ်ချက်များကို လက်တွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြစိမ်းရောင် မွေးမြူရေးစီမံကိန်း၏ အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် ပိုမိုထိရောက် အောင်မြင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ရှားပါးလာသော လယ်ယာလုပ်သား လိုအပ်ချက်များ ဖြေရှင်းနိုင်ရေးနှင့် စက်ကိရိယာ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးပွားလာရေးအတွက် စက်မောင်းစက်ပြင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားရမည်ဖြစ်ကြောင်း၊ တည်ဆဲနိုင်ငံဝန်ထမ်း ဥပဒေများကို လေးစားလိုက်နာကြပြီး မိမိတာဝန်ယူစဉ်ကာလ၏ အောင်မြင်စွာ စွမ်းဆောင်နိုင်မှု မှတ်တမ်းကို မိမိတို့ကိုယ်တိုင်ရေးထိုးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်