“ဝ” တိုင်းရင်းသားလူမှုဘဝ

မနုဿဝင်းမော်

 

နေအိမ်ဆောက်လုပ်မှု(၁)

 

“ အိမ်ဆောက်ရန်အတွက်ဖြစ်ပါတယ်။ အပြစ်မယူပါနဲ့”၊

 

“ဝ”တိုင်းရင်းသားတို့က အိမ်ဆောက်ရန် သစ်ခုတ်ရာတွင် မိမိခုတ်လိုသောအပင်အား မခုတ်မီ အပင်၏ရှေ့၌ တောင်းပန်စကားဆိုခြင်းဖြစ်သည်။ တောင်းပန်စကားဆိုပြီးမှ သစ်ပင်ကို ခုတ်လေ့ရှိသည်။

 

အိမ်ဆောက်လုပ်ရန် ကောင်းသည့်သစ်ပင် အမျိုးအစားနှင့် မကောင်းသည့် သစ်ပင်အမျိုးအစားတို့ကို သတ်မှတ်ထားကြောင်း သိရသည်။

 

အိမ်ဆောက်လုပ်ရန်ကောင်းသည့် အပင်တို့မှာ သပြေပင်၊ မိုက်ဆော့လျန်၊ မိုက်ဆော့မြောင်၊ မိုက်ရွန်း၊ မိုက်မွမ်း၊ မိုက်ကော့၊ မိုက်လျန်းပင်များ ဖြစ်ပြီး မိုက်မော့၊ မိုက်ဖား၊ မိုက်နော့၊ မိုက်ကျုံး၊ မိုက်သုန်းနှင့် မိုက်ကန်း စသည့်အပင်များကို အိမ်ဆောက်ရာတွင် အသုံးပြုရန် မကောင်းသည့် အပင်များအဖြစ် သတ်မှတ်ထားကြသည်။ ထို့အပြင် အချို့က သစ်ရာပင်ကိုလည်း အိမ်ဆောက်လုပ်ရာတွင် အသုံးမပြုကြပေ။

 

အိမ်မဆောက်မီ အမိုး၊ အကာ၊ အခင်းနှင့် တိုင်တို့အတွက် သစ်၊ ဝါး၊ သက်ငယ်တို့ကို ကြိုတင်ခုတ်၍ စုဆောင်းထားကြသည်။ သစ်နှင့်ဝါးတို့ကို ကြိုတင်ခုတ်သည့်အခါ လက်စားလိုက်စနစ်ဖြင့် ရွာလုံးကျွတ်မျှ ဝိုင်းဝန်းကူညီ ခုတ်ပေးလေ့ရှိပြီး ခိုင်ခံ့သည့်သစ်ပင်၊ ဖြောင့်တန်းသည့်သစ်ပင်တို့ကို ရွေးခုတ်ကြသည်။

 

အိမ်ဆောက်မည့်သူများသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်ပါက မိမိအိမ်ဆောက်လိုသော နေရာမှ မြေလက်တစ်ဆုပ်ကိုယူ၍ ဘုန်းကြီးကိုပြကာ နေရာကောင်းမကောင်း မေးမြန်းလျှောက်ထားကြသည်။

 

ရေတွင်းပျက်နေရာ၊ အိမ်သာဟောင်းနေရာ၊ သုသာန်မြေနှင့် အစိမ်းသေနေရာများကို အိမ်ဆောက် လုပ်ရန်ရှောင်ကြသည်။ အိမ်ဆောက်မည့်နေရာမှ မြေမှာအနက်ရောင်ဖြစ်ပါက မြေအနက်ရောင်မှာ နက်မှောင်သည့်သဘော၊ မကောင်းသည့် သဘောကို ဆောင်သည်ဟုယူဆသောကြောင့် ဘုန်းကြီးက အိမ်ဆောက်ရန် ငြင်းပယ်သည်။ မြေနီရောင်ကို အရွေးများပြီး မြေအဖြူရောင်နှင့် မြေအဝါရောင် တို့ကိုလည်း ရွေး၍အိမ်ဆောက်ကြလေ့ရှိသည်။

 

အိမ်မဆောက်မီ မြေကွက်လပ်တွင် ဘုန်းကြီး ပင့်၍ အန္တရာယ်ကင်း ဘေးရှင်းစေရန် ပရိတ်ရွတ်၍ ကမ္မဝါဖတ်လေ့ရှိသည်။

အိမ်တိုင်ထူပါက အလယ်တိုင်ကို မင်္ဂလာတိုင်အဖြစ် သတ်မှတ်ကာ ပထမဆုံးထူလေ့ရှိသည်။ အိမ်အလယ်တိုင်၏ ထိပ်ဖျားတွင် ရေကိုဝါးဘူးနှင့်တစ်ဘူး၊ ရောရိမ်းရွက်နှင့် ဆူးပုပ်ရွက်များကိုချည်ပြီး ထူလေ့ရှိသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ရေသည် မီးဘေး ကာကွယ်သည့်သဘော၊ ရောရိမ်းရွက်နှင့် ဆူးပုပ်ရွက်တို့မှာ ဘေးအန္တရာယ် ကင်းရှင်းစေရန် ကာကွယ်သည့်သဘောဖြင့် ပြုလုပ်ကြကြောင်း သိရသည်။

 

အိမ်တိုင်ထူရာတွင် ဘုန်းကြီးတွက်ချက်ပေးသော နေ့နံသင့်သူက အိမ်တိုင်ထူရသည်။ အိမ်ဆောက်လုပ်ရာတွင် တစ်ရက်တည်းနှင့် အပြီးဆောက်လေ့ရှိသည်။

 

အိမ်ဆောက်ရာ၌ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးသူအားလုံးကို အိမ်ရှင်က ထမင်းတစ်နပ် ကျွေးရသည်။ နေအိမ်အမိုးလုပ်ရန် သက်ငယ်များကိုလည်း ဝိုင်းဝန်းကူညီသူများကပင် ပျစ်ပေးကြသည်။ သက်ငယ်အပါးက နှစ်နှစ်ခံပြီး သက်ငယ်အထူက အနည်းဆုံး သုံးနှစ်ကျော်ခံသည်။ သက်ငယ်အထူကို မိုးပြီး ကျပ်ခိုးတင်ပါက ဆယ်နှစ်အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။

 

“ဝ” တိုင်းရင်းသားတို့၏ အိမ်များမှာ ခြေတံရှည်အိမ်များဖြစ်သည်။ ဘုန်းကြီး၏တွက်ချက် ပြောပြသည့်အတိုင်း အိမ်၏မျက်နှာစာအလှည့်၊ လှေကားထူရမည့်ဘက်များကို ပြုလုပ်လေ့ရှိသည်။ အိမ်၏လှေကားထစ်အရေအတွက်မှာ အိမ်အမြင့် ပေါ်မူတည်သည်။ လှေကားထစ်ပြုလုပ်ရာတွင် သစ် သို့မဟုတ် ဝါးကို မည်သည့်အသား၊ မည်သည့် ဝါးဟူ၍ ကန့်သတ်မှုမရှိခြင်း၊ လှေကားထစ်အရေအတွက်ကိုလည်း စုံဂဏန်း၊ မဂဏန်း ခွဲခြားသတ်မှတ်ခြင်း စသည့် အယူအဆမျိုးမရှိကြပေ။

 

အိမ်အမိုးကို ခေါင်စောက်စောက်နှင့် အဝိုင်းပုံစံမိုးကြသည်။ အိမ်အမိုးကိုကြည့်၍ “ဝ” တိုင်းရင်း သားအိမ်ဖြစ်ကြောင်း သိရှိနိုင်သည်။ အိမ်အမိုး၏ အဖီဘက်တွင် တံခါးပေါက်တစ်ခု ဖောက်ထားသည်။ ကဲလားပုံစံပြုလုပ်ထားပြီး အလင်းရောင် လိုအပ်သောအခါများတွင် ဖွင့်လေ့ရှိသည်။

 

အိမ်အဝင်ပေါက်မှာ တစ်ခုတည်းသာရှိသည်။ အိမ်များတွင် အများအားဖြင့် ဧည့်ခန်းနှင့် အိပ်ခန်းသာရှိသည်။ အိမ်ထဲသို့ဝင်ဝင်ချင်း အိမ်ရှေ့ခန်းမှာ ဧည့်ခန်းဖြစ်ပြီး ဧည့်ခန်းအလယ်တွင် မီးဖိုထားလေ့ရှိသည်။ မီးဖိုမှာ ကြမ်းပြင်အောက် တစ်ပေခန့် အနက်ရှိပြီး သစ်သားဖြင့် လေးထောင့်ကွက်ရိုက်ထားသည်။ အောက်ခင်းမှာ သစ်သို့မဟုတ် ဝါးဖြင့် ပြုလုပ်ပြီး အပေါ်မှ သစ်ရွက်စိမ်းကို ထပ်ခင်းထားသည်။ ယင်းအပေါ်မှ ခြတောင်ပို့မှမြေ သို့မဟုတ် မြေမာမြေစေးကို သိပ်၍ခင်းထားသည်။

 

နှစ်ပေပတ်လည်ကျယ်သည့်မီးဖိုတွင် မီးကို မပြတ်ဖိုထားလေ့ရှိပြီး မီးဖိုပေါ်၌ ကျပ်ခိုးစင် ပြုလုပ်ထားသည်။ အိမ်အတွင်းဘက် အိပ်ခန်း၏အလယ်တွင်လည်း မီးပုံပြုလုပ်ထားကာ ထမင်းဟင်း ချက်ပြုတ် စားသောက်ကြသည်။ မီးဖိုပေါ်၌လည်း ကျပ်ခိုးစင်ပြုလုပ်ထားသည်။ မီးဖိုပတ်လည်တွင် အဖေ၊ အမေအိပ်ရန်၊ သားများအိပ်ရန်၊ သမီးများ အိပ်ရန်နေရာဟူ၍ သတ်မှတ်ထားသည်။ ငွေကြေး တတ်နိုင်သူများက အိပ်ခန်းတစ်ခန်းစီ သီးသန့် ဖွဲ့ကြသည်။ သားများ အိမ်ထောင်ပြုသည့်အခါ အခန်းပိုမရှိပါက အိမ်ကို ထပ်မံချဲ့၍ အသုံးပြုကြကြောင်း မှတ်တမ်းပြုဖော်ပြလိုက်ရပါသည်။ ။