၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်  တံတား (၁၇၄)စင်း တည်ဆောက်သွားမည်

နေပြည်တော် မေ ၁၈

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် တံတား(၇၄)စင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေဖြင့် တံတား (၇၁)စင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အပ်နှံရန်ပုံငွေဖြင့် တံတား (၂၉)စင်း၊ စုစုပေါင်းတံတား (၁၇၄)စင်း တည်ဆောက်မည်ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ကျင်းပသည့် တံတားဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ က   ပြောကြားသည်။

 

ဆက်လက်၍  ဒုတိယဝန်ကြီး က  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ၁/၂၀၂၂ အမိန့် ကြော်ငြာစာပါ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ  လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာများ လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် စက်ယာဉ် ယန္တရားများ လုံခြုံရေးအတွက် လက်တွေ့ကျသော လုံခြုံရေးစီမံချက်များ ကြိုတင်ရေးဆွဲထားရှိရန်၊ ဌာနဆိုင်ရာများနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများကို  မှာကြားသည်။  

 

ဆက်လက်၍ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင် နီယာချုပ်များက  လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များကို အပိုင်းလိုက် တင်ပြကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တံတားတည်ဆောက်ရေး အထူးအဖွဲ့များမှ ဆောင်ရွက်ပြီး တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို  ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး က တံတားဦးစီးဌာနအနေဖြင့် တံတားသစ်များကို တည်ဆောက် နေသကဲ့သို့ တည်ဆောက်ပြီးတံတားများ၏ တံတားကြံ့ခိုင်မှု၊ ခံနိုင်ဝန်ကိုလည်း အမြဲစောင့်ကြည့် ထိန်းသိမ်းသွား ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးပစ္စည်းများ တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် သတ်မှတ်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)