“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား”ကျင်းပ

နေပြည်တော် မေ ၁၈ 

 

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာ မိုးဇော်ထွန်းက ယခုနှစ် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၏ ဆောင်ပုဒ် အဖြစ် ပြတိုက်များ၏ စွမ်းအားကို အသိအမှတ်ပြုသည့် အနေဖြင့်  The Power of Museums “လူ့ဘောင် လောကတိုးတက်ဖို့၊ ပြတိုက်စွမ်းအားဖြင့်မြှင့်တင်စို့”ဟု သတ်မှတ်ထားကြောင်း၊ လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာလှပ စေရန်နှင့် တိုးတက်မှုများ ရရှိစေရန်အတွက်သာမက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် လူမှုရေးဦးတည်ချက် ၃ ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အချက်ကို ပြတိုက်များ၏စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ ပြတိုက်ပညာ ရှင်များနှင့် ပြတိုက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က  အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ စာတမ်းဖတ်ပွဲအား ဆက်လက်ပြုလုပ်ရာ စာတမ်းရှင် ရှေး‌ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကလျာချောစုက “ သမားရိုးကျပြတိုက်နှင့် ဒေသသဘာဝအခြေခံ ပြတိုက်များအား ရှုမြင်လေ့လာသုံးသပ်ခြင်း” စာတမ်း၊  ဦးစီးအရာရှိ ဒေါ်အိဇင်သူ က “ Museum Inter- pretation” စာတမ်းနှင့် ဦးစီးအရာရှိ ဒေါ်မှူးစန္ဒြာခင် က “ ပြတိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု” စာတမ်း စုစုပေါင်း( ၃ ) စောင်ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ဦးရဲမြတ်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဌာနက ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြ သူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် စာတမ်းရှင်များက ပြန်လည် ဖြေကြားသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာ မိုးဇော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး သဘာပတိနှင့်စာတမ်းရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားအောင်မြင်စွာပြီးဆုံးသည်။

 

ယနေ့ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်တို့မှ တာဝန်ရှိသူများ၊ အမျိုးသားပြတိုက် (နေပြည်တော်)မှ အရာထမ်း၊ အမှုထမ်းများ ပါဝင် တက်ရောက်ခဲ့ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ပြတိုက်များ အားလုံးနှင့် အခြားသော ICOM Myanmar အဖွဲ့ဝင်ပြတိုက်များကလည်း အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)