ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ပထမနှစ်သင်တန်းမှ ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၈

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း များသို့ တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲ အခမ်းအနားကို ဆေးတက္ကသိုလ်(၁) ရန်ကုန် ဇီဝကခန်းမ၌ ယနေ့  နံနက်  ၉ နာရီခွဲတွင် (Semi Virtual)စနစ်ဖြင့် ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ် (၁)၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာ နိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီ၊ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့မှ ဥက္ကဌများနှင့် တက္ကသိုလ် အသီးသီးသို့ ဝင်ရောက်လာကြသည့် သစ်လွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးမှ သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးပညာရပ်ဆိုင်ရာကျင့်ဝတ် သိက္ခာ များကို တန်ဖိုးထား၍ ပြည်သူလူထုအား အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့် ရှောက်မှုကို မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူစွမ်းအားစုများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေးရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဌာနံ၊ အနုကမ္မာ၊ ဒယာဆိုသည့် အတိုင်း ဆရာဝန်တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား ဥပဌာနံ-စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသ၍ အနုကမ္မာ-ကိုယ်ချင်းစာ တရား လက်ကိုင်ထားလျက်၊ ဒယာ-လူလူချင်း ညှာတာထောက်ထား သောအသိဖြင့် ပြုစုကုသပါမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်နှင့်အညီ ဆရာဝန်တစ်ဦးဖြစ်လာသည့်အခါတွင် လိုက်နာကျင့်ကြံအားထုတ်ပါက ဘဝတစ်လျှောက်လုံးတွင် ကောင်းကျိုးမင်္ဂလာများနှင့် ပြည့်ဝနေမည် ဖြစ်ပါကြောင်း။

 

ယခုပညာသင်နှစ်တွင် (၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၂၉၂၄)ဦးနှင့် တိုင်းရင်း ဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦး၊ စုစုပေါင်း(၃၀၉၉)ဦး ရှိပါကြောင်း။

 

ပညာသင်ယူရာတွင် ဆေးနှင့်ဆေးပညာနှီးနွှယ်ပညာရှင်တစ်ယောက် စောင့်ထိန်းရမည့်ကျင့်ဝတ်သိက္ခာ (Profess- ional Ethics)များကို သိရှိလိုက်နာစောင့်ထိန်းပြီး  ဆေးပညာရပ် အပေါ်ထား ရှိရမည့် စိတ်နေ သဘောထား (Attitude towards Profession)များကို မှန်ကန်စွာထားရှိရန် လိုအပ်ပါကြောင်း၊  ဝတ်စား ဆင်ယင်မှုပြုရာတွင်လည်း တက္ကသိုလ်၏ပုံရိပ်၊ မိမိ၏ဂုဏ်သိက္ခာနှင့် လျော်ညီသော ဝတ်စားဆင်ယင်ပြုမူမှုမျိုး ဖြစ်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ့နီတိတွင်ပါဝင်သော ပြည်သူ့ တာဝန်သိတတ်မှု၊ ပေါင်းသင်းဆက်ဆံမှုနှင့်လူ့အဖွဲ့ အစည်းတွင် လိုက်နာကျင့်ကြံရမည့် အချက်များ၊ မိဘဆရာများ ၏ ဆိုဆုံးမစကားများ၊ ကိုယ်တိုင်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ၊ နိုင်ငံသားတစ်ဦးအနေ ဖြင့် လိုက်နာရမည့်အချက်များကို လိုက်နာကျင့်ကြံဆောင်ရွက်နိုင်လျှင် မိမိဘဝအတွက် တိုးတက်အောင်မြင်မှု များကို ရရှိနိုင်မည်ဖြစ်ကြောင်းကို အလေးထားမှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ပညာရပ် ဆိုင်ရာဘွဲ့များရရှိပြီးသည့်အခါတွင်လည်း နိုင်ငံသူ နိုင်ငံသားများအား ဆင်းရဲချမ်းသာမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် ကြစေလိုပါကြောင်း။

 

နိုင်ငံတော်နှင့်ပြည်သူအပေါ် ကျေးဇူးသိတတ်ပြီး ပြန်လည်ကျေးဇူး ဆပ်သူများ၊ အဆင့်ဆင့် တိုးတက်သော ပညာရပ်များကို ဆည်းပူးလေ့လာနိုင်ပြီး ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော ပညာရှင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း အပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်းက သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထွေအထွေရောဂါကု ဆေးရုံသစ်ကြီး(ရန်ကုန်)တွင် အုပ်စုငယ်များ အလိုက် ဆေးလက်တွေ့ပညာရပ်သင်ကြားနေကြသော ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယခုပညာသင်နှစ်အနေဖြင့် (၂၀၂၀)ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူအားလုံး၏ (၇၀ရာခိုင်နှုန်း)စာရင်းသွင်း တက်ရောက်လျက်ရှိကြပြီး ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ အမြန်ဆုံး ဆက်သွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းထားကြောင်း သိရသည်။

(သတင်းစဉ်)