ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်

မျက်နှာမည်း၊ မျက်နှာဝါတွေ ဝင်ဖို့နေနေသာသာ အပေါက်ဝမှာတောင် ရပ်ခွင့်မရှိတဲ့နေရာတွေပေါ့။ အဲဒီနေရာတွေကို အခုအစိုးရက အလုပ်သမား အပန်းဖြေရိပ်သာ ဖွင့်ပေးထားတာ တွေ့ရတယ်။ ကမ္ပည်းစာလုံးတွေလည်း    ပြောင်းကုန်ပြီလေ။ “ရေနံမြေအလုပ်သမားများမှလွဲ၍    အခြားသူ မဝင်ရ”  ဆိုတာတွေ ဖြစ်ကုန်ပြီ။ အဲဒါတွေမြင် ရတော့ ခင်ကြီးစိတ်မှာ ပီတိဖြစ်ခဲ့ရတယ်အစ်ကို ထွန်း၊ ဝမ်းသာကျေနပ်ခဲ့ရတယ်။ ခင်ကြီးကိုယ်တိုင် ရေနံအငွေ့အသက်နဲ့ ကင်းခဲ့သူမဟုတ်ဘူး။ ရေနံ လုပ်သားတွေရဲ့ကျေးဇူးနဲ့ ကင်းခဲ့တဲ့လူမဟုတ်ဘူး။ ဒီတော့ ခင်ကြီးရဲ့ဇာတိမြေမှာ အထိမ်းအမှတ်လည်း ဖြစ်မယ့်၊ လုပ်သားတွေအတွက် အကျိုးကျေးဇူး လည်း  ဖြစ်ထွန်းနိုင်မယ့်  အလှူတစ်ခုခုလုပ်ချင် တယ်။ အလုပ်သမားတွေ စုစုဝေးဝေးရှိနိုင်မယ့် နေရာမှာ  လုပ်သားထု  အပန်းဖြေရိပ်သာတစ်ခု ဆောက်ချင်တယ်။ နေရာရွေးဖို့ရယ်၊ ပုံစံကောင်းဖို့ ရယ်၊ ပစ္စည်းရဖို့ရယ်ကို အစ်ကိုထွန်းတာဝန်ခံပါ။ ကုန်သမျှငွေကို ခင်ကြီးပေးမယ်။ ဘယ့်နှယ်လဲ အစ်ကိုထွန်း”
ဗိုလ်မှူးညိုထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ စကားကို စူးစိုက်နားထောင်သည်။ လေးနက်စွာ တွေးနေသည်။ အဖြေကို ချက်ချင်းမပေး။ ဤသည် ကို ဒေါ်ရေနံ့သာခင်ခင်ကြီးက အားမလိုအားမရ ဖြစ်မိဟန်နှင့်ဆိုသည်။
“ခင်ကြီးပြောတဲ့အထဲမှာ ဘာများအမှားပါသလဲ အစ်ကိုထွန်း”
“အမှားရယ်လို့တော့  မပါပါဘူးညီမ။  ညီမရဲ့        စေတနာကို  အစ်ကိုထွန်း  လေးစားပါတယ်။ လုပ်သားထုနဲ့ပတ်သက်ပြီး ဒီလိုဆန္ဒမျိုးရှိတာကို အစ်ကိုထွန်းဝမ်းသာနေပါတယ်။ အစ်ကိုထွန်း ကိုယ်တိုင်က ရေနံမြေအလုပ်သမားဖြစ်ခဲ့တဲ့ လူတစ် ယောက်ပဲ။ ဟိုတုန်းက နေပူတာတွေ၊ သဲကန္တာရ ဆန်တဲ့ အပူမျိုးတွေ၊ ရေနံငွေ့အပူတွေကြားမှာ အလုပ်လုပ်ခိုင်းထားပြီး နားစရာကနားဖျင်းတောင် ထိုးမပေးတဲ့ အရင်းရှင် မျက်နှာဖြူတွေကို စိတ်မှာ နာကြည်းခဲ့မိတယ်။  လုပ်သားထုတွေ  ပင်ပင် ပန်းပန်းလုပ်ပြီး  နားစရာမရှိပေမဲ့  သူတို့ကျတော့ ရေကူး၊ တင်းနစ်ရိုက်၊ အရက်သောက်၊ ပွဲသဘင်တွေ လုပ်ဖို့ ကလပ်တွေရှိနေတာတွေ့ပြီး အချဉ်ပေါက် ခဲ့တယ်။ နာကြည်းခဲ့ရပြန်တယ်။ နယ်ချဲ့နဲ့ နယ်ချဲ့ ခံရသူ၊ အရင်းရှင်နဲ့ ကျောမွဲ၊ အလုပ်ရှင်နဲ့ အလုပ် သမားဆိုတဲ့   အတန်းအစားကွာခြားမှုတွေကို တွေ့လာရတယ်။ ဒီလိုကနေ တစ်စထက်တစ်စ တော်လှန်ချင်တဲ့စိတ် ဝင်လာခဲ့တဲ့ အစ်ကိုထွန်းရဲ့ ဘဝကို ပြန်စဉ်းစားကြည့်မိတယ်။ ဒါကြောင့် ရုတ်တရက် အဖြေမပေးနိုင်တာပါ”
“ ဒီတော့”
“ညီမမှာ ဆန္ဒရှိတဲ့အတိုင်း လုပ်သားရိပ်သာ ဆောက်ချင်ဆောက်ပါ။ အစ်ကိုထွန်းအနေနဲ့ ဝမ်းပန်း တသာ ကူညီရမှာပေါ့ ညီမ”
သို့ဖြင့် နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန် သည်။
ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် မော်တော်ကားကို ခပ်မှန်မှန်မောင်းလာသည်။
ဗိုလ်မှူးညိုထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကို ကြည့်မိဆဲဖြစ်နေသည်။
ယင်းအချိန်၌ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာ တွင် အပြောင်းအလွဲ တစ်စုံတစ်ရာ ဖြစ်ပေါ်သွားသည် ကို တွေ့လိုက်ရသည်။ ရုတ်တရက် တုန်လှုပ်သွားသည့် အသွင်၊ ထိတ်လန့်သွားသည့်ဟန်များ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ မျက်နှာတွင် ဖြတ်သန်းသွားသည်။ မျက်ဝန်းမှာ ဝန်းစက်ပြူးကျယ်လျက်၊ ပါးစပ်မှပွင့်ဟ သွားသည်။    သူသည်   လမ်းဘေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ဗိုလ်မှူးညိုထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး ကြည့်နေသောနေရာသို့ ကြည့်လိုက်မိသည်။
လမ်းဘေးပလက်ဖောင်းတွင် ရပ်နေသော လူနှစ် ယောက်ကို မြင်ရသည်။ ထိုသူတို့သည်လည်း မိမိတို့ ဘက်သို့ စူးစိုက်ကြည့်လျက်ရှိကြောင်းတွေ့ရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လီဗာကို ဖိနင်းလိုက် သည်။ မော်တော်ကားသည် မှန်မှန်သွားနေရာမှ အရှိန်အဟုန်မြင့်တက်လာခဲ့လေသည်။ ဖုန်လုံးများ၏ နောက်တွင် မိမိတို့ဆီ ကြည့်နေသူတို့၏ အရိပ်အသွင် များသည် မှုန်ဝါးပျောက်ကွယ်ကျန်ခဲ့သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး၏မျက်နှာတွင် အလိုမကျ နိုင်ခြင်း၊ စိတ်စနောင့်စနင်းရှိရခြင်း အရိပ်အယောင်တို့ ပေါ် လာသည်။ တင်းတင်းမာမာ ခက်ခက်ထန်ထန် ဖြစ်လာသည်။
ရုတ်တရက်တွင် မည်သို့ဖြစ်သွားခဲ့ကြောင်း ဗိုလ်မှူး ညိုထွန်း မတွေးတတ်အောင်ဖြစ်ရသည်။
“ကမ္ဘာကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင် ကျဉ်းမြောင်းရတာလဲ အစ်ကိုထွန်း” 
“ညီမ ဘာကိုဆိုလိုတာလဲဟင်”
“ဪ၊ တမင်တကာ မဟုတ်တောင်မှ တတ်နိုင် သမျှ မဆုံချင်ကြတဲ့လူတွေ မဆုံမိရုံကလေးတောင် ဘာဖြစ်လို့  ကမ္ဘာကြီးဟာ မကျယ်ဝန်းခဲ့ရတာလဲလို့ပါ”
“ညီမ ဘယ်သူ့ကို တွေ့ရလို့လဲဟင်”
“ဘယ်သူရမှာလဲ အစ်ကိုထွန်းရဲ့။ အစ်ကိုထွန်း     သူ့ကိုမမှတ်မိဘူးလား”
“ဘယ်သူမို့လဲကွယ်”
“ခုနက ပလက်ဖောင်းပေါ်မှာရပ်နေတဲ့ လူနှစ် ယောက်အနက် တစ်ယောက်ဟာ မောင်မောင်ဦးလေ”
“မောင်မောင်ဦး”
ဗိုလ်မှူးညိုထွန်းသည် ယင်းအမည်ကို ကြားလိုက်ရ သဖြင့် တုန်လှုပ်သွားရသည့်အသွင်ရှိသည်။ ချောက် ချားသွားရသည့်သဏ္ဌာန် ပေါ်ပေါက်သွားသည်။
“ဟုတ်တယ်၊ သူ ဒီကို ဘယ်လိုရောက်လာသလဲ မသိဘူး” 
ပြောရင်းမှာပင် ဒေါ်ရေနံ့သာခင်ခင်ကြီး သက်ပြင်း ရှိုက်လိုက်သည်။ ပြီးလျှင် စိုးရိမ်ပူပန်ခြင်းမကင်းသလို ညည်းညည်းညူညူ ဆိုသည်။ 
“သူ့ကို မြင်လိုက်ရတာ မကောင်းတဲ့နိမိတ်ပဲ အစ်ကို ထွန်း။ မကောင်းဆိုးဝါးနဲ့ တွေ့ရသလိုပဲ။ ခင်ကြီးတို့ ဒီမြို့မှာ ဆက်နေလို့မဖြစ်တော့ဘူး အစ်ကိုထွန်း။ ခင်ကြီးတို့ ရန်ကုန်ကို အခုချက်ချင်း ပြန်ကြမှဖြစ်တော့ မယ်ထင်တယ်”
“နန်းကိန္နီရီကို ပထမဆုံးမွေးစားခဲ့ပြီး အခုဘုန်းကြီးဝတ်နေတယ်ဆိုတဲ့လူဆီမှာ မစုံစမ်းတော့ဘူးလား”
“ဟင့်အင်း။   မစုံစမ်းတော့ဘူး   အစ်ကိုထွန်း၊           နန်းကိန္နရီနဲ့ပတ်သက်တဲ့ နောက်ထပ် ဘယ်သူ့ဆီမှာ မှ မစုံစမ်းတော့ဘူး။ သူ့အကြောင်းကို ခင်ကြီး ဒီထက် ပိုပြီး  မသိချင်တော့ဘူး။  ခင်ကြီးရဲ့  စိတ်နှလုံးကို တုံးတုံးချလိုက်ချင်ပြီ။ နန်းကိန္နရီဟာ ခင်ကြီးရဲ့ သမီး အရင်းအချာ၊ ခင်ကြီးရဲ့သွေးလို့ ယတိပြတ် မှတ်ယူ ထားလိုက်ချင်ပြီ။ သူ့ကို ခင်ကြီးရဲ့သမီးအနေနဲ့ စောင့် ရှောက်မယ်။ ယုယမယ်၊ ကြင်နာမယ်။ ဒီလိုပဲ ခင်ကြီး သန္နိဋ္ဌာန်ချလိုက်ပြီ အစ်ကိုထွန်း”
ယင်းစကားကိုဆိုနေစဉ်၌ ဒေါ်ရေနံ့သာခင်ခင်ကြီး ၏မျက်နှာမှာ မျှော်လင့်ခြင်း၊ တက်ကြွခြင်း၊ ယုံကြည် ခြင်း စသောအားမာန်ကို အပြည့်အဝဆောင်ယူကာ တင်းတင်းမာမာဖြစ်နေသည်ဟု ဗိုလ်မှူးညိုထွန်း ထင်နေမိလေသည်။
x  x  x  x  x

[၅]
ကိုမောင်မောင်ဦးနှင့် သည်မျှမြန်မြန်ဆန်ဆန်ကြီး ဆုံတွေ့ရလိမ့်မည်ဟု ဗိုလ်မှူးညိုထွန်း မထင်မိချေ။ မိမိထံ သူရောက်လာလိမ့်မည်ဟုပင် မထင်မှတ်စဖူး ဖြစ်ချေသည်။
တပ်ကြပ်ကြီးစာရေး ရောက်လာသည်။ အရိုအသေ ပေးရင်းဆိုသည်။
“အပြင်မှာ လူတစ်ယောက်ရောက်နေပါတယ် ဗိုလ်မှူး။ သူက ဗိုလ်မှူးနဲ့တွေ့ချင်ပါသတဲ့”
“ဟုတ်လား။  ဘယ်သူလဲ” 
“ကိုမောင်မောင်ဦးပါတဲ့ ဗိုလ်မှူး” 
“ဟေ။ ဟုတ်လား။ လွှတ်လိုက်ပါကွာ”
ကိုမောင်မောင်ဦးကို မိမိထံအလွှတ်သာ ခိုင်းရ သည်။ မျက်နှာချင်းဆိုင်ရန်ကိုမူ ဗိုလ်မှူးညိုထွန်း ဝန်လေးလျက်ရှိသည်။ အဘယ်ကြောင့်ဟူ၍တော့ မသိ။ သူနှင့်ဆုံတွေ့ရမည်ကို ပြစ်မှုတစ်ခု ကျူးလွန် ရခြင်းမျိုးလို စိုးရွံ့နေမိသည်။
ကိုမောင်မောင်ဦးသည် ဆင်နားရွက်တံခါးကို တွန်းဖွင့်ဝင်လာသည်။
သူ၏ရုပ်သွင်မှာ များစွာပြောင်းလွဲခြင်း မရှိလှ သေးကြောင်း တွေ့ရသည်။ လွန်ခဲ့သော အနှစ်နှစ် ဆယ်ကျော်က မြင်တွေ့ခဲ့ရသော အသွင်သဏ္ဌာန်၏ အရင်းအမြစ်တို့သည် သူ့ထံရှိနေဆဲပင်။ အနည်း ငယ် ရင့်ရော်လာခြင်းတစ်ခုသာလျှင် သူ၏ အပြောင်း အလဲဖြစ်လေသည်။
“ထိုင်ပါ။ ကိုမောင်မောင်ဦး”
ဗိုလ်မှူးညိုထွန်းက ကုလားထိုင်တစ်လုံးကို ညွှန်ပြသည်။ ကိုမောင်မောင်ဦး ဝင်ထိုင်သည်။
ကိုမောင်မောင်ဦးမှာ ဗိုလ်မှူးညိုထွန်းကို အနည်း ငယ် စိုးရွံ့နေဟန်ရှိသည်။ သို့မဟုတ်လျှင်လည်း သာမန်အလုပ်သမားတစ်ယောက်၊ တော်လှန်ရေး ကာလ၏ မရေရာသော ဗိုလ်တစ်ယောက်အဆင့်မှ သည် ဗိုလ်မှူးအဆင့်သို့ ရောက်ရှိနေရခြင်းကို အံ့သြနေမိခြင်းလည်း ဖြစ်နိုင်သည်။ 
“ကျွန်တော်၊ ခင်ခင်ကြီးနဲ့တွေ့ချင်လို့ပါ ကိုညို ထွန်း”
သူနှင့်တွေ့ရလျှင် သည်စကားကိုသာ ဆိုပေလိမ့် မည်ဟု အလိုလိုသိနေသည်။ သူသည် ဗိုလ်မှူးဟု ခေါ်ရမည်ကို ဝန်လေးမိပုံရသည်။ ကိုညိုထွန်းဟု ယခင်ကလိုပင် ခေါ်သည်။
“အဲဒါအသာထားပြီး ကျွန်တော် ဒီမှာရှိနေတယ် ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလာသလဲ အရင် ပြောပါဦး ကိုမောင်မောင်ဦး”
“ကိုညိုထွန်း ဒီမှာရှိနေတယ်ဆိုတာ ကျွန်တော် အရင်က မသိပါဘူး။ သိတာ ဘာမှမကြာသေးဘူး ဆိုပါတော့။ အဲ ကိုညိုထွန်းနဲ့ ခင်ခင်ကြီးကို ကားထဲ မှာ မြင်လိုက်ရပြီးတဲ့နောက်ပိုင်းကျမှ သိရတာပါ။ ဒီတုန်းက     ကျွန်တော်နဲ့အတူရပ်နေတဲ့လူဟာ   ဂျော့ဘမောင်ပါ။   သူဟာ  ကိုညိုထွန်းနဲ့ တစ်ကြိမ် နှစ်ကြိမ်လောက် ဂေါ့ရိုက်ဖူးပါတယ်။ သူပြောပြတာ နဲ့ပဲ ခင်ခင်ကြီးနဲ့တွဲထိုင်လာသူဟာ ကိုညိုထွန်းလို့ သိရတာပါ”
“ဂျော့ဘမောင်။ သူ့ ကျွန်တော်မသိဘူး”
“ဟုတ်ကဲ့   သိဖို့လည်းမလွယ်ပါဘူး  သူက ကထိကပါ။ မန္တလေးတက္ကသိုလ်ကို ပြောင်းလာတာ မကြာသေးပါဘူး။ ဒါပေမဲ့ သူဟာ မန္တလေးသားပါ”
“ကဲပါလေ၊   ဒီလူ့အကြောင်း  ထားလိုက်ကြရ အောင်”
ကိုမောင်မောင်ဦးသည်    ဗိုလ်မှူးညိုထွန်း၏ မျက်နှာကို စူးစိုက်ကြည့်သည်။
“ခင်ခင်ကြီးတို့      ဘယ်မှာတည်းတယ်ဆိုတာ  ကျွန်တော်သိချင်ပါတယ် ကိုညိုထွန်း”
“သူတို့တည်းတာ စီဗီလိုင်းထဲက အိမ်တစ်အိမ်မှာ ပါ။ ဒါပေမဲ့ ခင်ဗျားနောက်ကျခဲ့ပြီ ကိုမောင်မောင်ဦး”
“ဗျာ”
“ဟုတ်တယ်။    ခင်ဗျားနောက်ကျခဲ့ပြီ။  သူတို့ ဒီမြို့ကထွက်သွားတာ  အခုဆို   တစ်နာရီသာသာ လောက်ပဲရှိလိမ့်ဦးမယ်” 
                                
ဆက်လက်ဖော်ပြပါမည်။