နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်

ပဲခူး ဇွန် ၂၇

 

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန် ၂၇ ရက် နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ပြည်ထောင်စုအဆင့် ဆုရရှိသူများကို ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်သလို တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေအရ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်၍ ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ  ကဏ္ဍအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ဂုဏ်ပြုခံရသူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ရသူ (၁)ဦး၊ စီမံထူးချွန် (၂)ဦး၊ ရဲသူရဘွဲ့ရသူ (၁)ဦး၊ ရဲဗလဘွဲ့ရသူ (၃၇)ဦး၊ ရဲကျော်သူဘွဲ့ရသူ (၂)ဦး၊ စိုက်ပျိုးရေးကဏ္ဍတွင် (၃)ဦးနှင့် မွေးမြူရေးကဏ္ဍတွင် (၂)ဦး စုစုပေါင်း (၄၈)ဦးရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူ (၁၁)ဦး၊ အားကစားကဏ္ဍ ထူးချွန်ဆု (၁)ဦးနှင့် စီမံရေးရာထူးချွန်ဆု (၃)ဦး စုစုပေါင်း (၁၅)ဦးဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)