ဘာသာပေါင်းစုံ နှစ်သစ်ကူးဆုတောင်း စကားများ

mdn

သတင်း-နန္ဒာဝင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

ပါမောက္ခ ဒေါက်တာဆမ်မြူရယ်လ်ကျော်လှ 
နာယက၊ ရန်ကုန်တက္ကသိုလ်နယ်မြေယုဒသန်အသင်းတော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးကောင်စီ 

 

အခုလိုမျိုး နှစ်သစ်ကူးအခါသမယမှာ နှုတ်ခွန်းဆက်ရတဲ့အတွက် ပထမဆုံး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဒီနှစ်သစ်အတွက် လိုအပ်ချက် ကတော့ ငြိမ်းချမ်းရေးပါပဲ။ ဒီနှစ်သစ်မှာ မြန်မာနိုင်ငံခေါင်းဆောင်တွေအားလုံး ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို ဒီနှစ်သစ်မှာရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ရမယ်လို့လည်း ယုံကြည်ပါတယ်။ အခုဘာသာပေါင်းစုံတွေ၊ လူမျိုးပေါင်းစုံတွေ၊ အဖွဲ့ပေါင်းစုံတွေက မေတ္တာ စကား ငြိမ်းချမ်းရေးပဲပြောနေတဲ့အတွက်ကြောင့် ၂၀၁၉ ကတော့ မြန်မာပြည် အတွက် ငြိမ်းချမ်းရေးရပြီး အင်မတန် သာယာဝပြောတဲ့ နိုင်ငံကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဖြစ်မယ်လို့လည်း မျှော်လင့်ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ဦးနန္ဒ 
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီအဖွဲ့ ဥက္ကဋ္ဌ 

 

ကျွန်တော်က မြန်မာပြည်ဖွားဂေါ်ရခါးလူမျိုးပါ။ ဟိန္ဒူအဖွဲ့ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အားလုံးငြိမ်းချမ်းရေးရပါစေလို့ ဆုတောင်းချင်တယ်။ အားလုံးငြိမ်ငြိမ်သက်သက်နဲ့ တိုင်းပြည် တိုးတက်တာပဲ မြင်ချင်တယ်။ နောက်ပြီး ဒုတိယ အချက်အနေနဲ့ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ပပျောက်ဖို့ နိုင်ငံတော်အနေနဲ့ တော်တော်လေးလှုပ်ရှားပါတယ်။ ပြည်သူ အနေနဲ့လည်း ပါဝင်ပြီးတော့ မူးယစ်ဆေးဝါးကင်းစင်တဲ့ တိုင်းပြည်တစ်ခုဖြစ်စေချင်တယ်။ နိုင်ငံတကာ အလယ်မှာ မူးယစ်ဆေးဝါးကင်းစင်တဲ့ နိုင်ငံလို့ ဖြစ်စေချင်တယ်။ ပြည်သူပြည်သားအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ အေးအေး ဆေးဆေးရှိနိုင်ပါစေလို့ ဟိန္ဒူအဖွဲ့ချုပ်ကိုယ်စား အဲဒီဆု တောင်းချင်ပါတယ်။

 

ဒေါက်တာလှထွန်း 
သာသနာပြုအကျိုးတော်ဆောင်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ် 

 

လာမယ့် ၂၀၁၉ ခုနှစ်အတွက် ကျွန်တော်တို့ ဟိန္ဒူဘာသာအနေနဲ့ မြန်မာ နိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားအားလုံး နှစ်သစ်မင်္ဂလာ အခါ သမယမှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ တိုင်းပြည် သည် အဘက်ဘက်မှနေပြီး တိုးတက်ဖွံ့ဖြိုးပါစေလို့ ကျွန်တော်တို့အနေနဲ့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ လာမယ့်နှစ်သည် တိုင်းသူပြည်သားအားလုံးအတွက် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းကို ထပ်ပြီးတိုးတက်အောင်လုပ်နိုင်ပါစေ။ တိုင်းပြည် အကျိုး၊ လူမျိုးနွယ်စု အကျိုးကိုဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ နောက် တတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ တိုင်းသူ ပြည်သားညီအစ်ကိုမောင်နှမ မိဘပြည်သူများအားလုံးသည် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းကိုရပါစေလို့ ကျွန်တော်တို့ ဟိန္ဒူဘာသာရေးအရဆုတောင်း မေတ္တာပို့သပါတယ်။ အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ။

 

ဦးသိန်းလွင် ဥက္ကဋ္ဌ၊ 
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းအသင်း 

 

အခုလို ၂၀၁၉ နှစ်သစ်ကူးမှာ မြန်မာပြည်တစ်ဝန်း တိုင်းသူပြည်သား အားလုံး၊ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားတွေ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ပဏာမ ဆုမွန်တောင်းပါတယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေးလည်း ကျွန်တော်တို့ အင်မတန်မှ မျှော်လင့်တောင့်တပါတယ်။ တိုင်းပြည်ကြီးလည်း ဒီထက်မက တိုးတက်စည်ပင် ဝပြော ပါစေ။ မကြာခင်လည်း ကောက်သစ်စားပွဲလည်းလာဖို့ ရှိပါတယ်။ ဇန်နဝါရီလဆိုရင် ကောက်သစ် စပါးသစ်၊ ပဲသစ် စတင်ပေါ်တဲ့အချိန်လည်း ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကောက်သစ်စားပွဲ ကျင်းပနေကျ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းသူ ပြည်သားတွေလည်း လာမည့်နှစ်သစ်မှာဆန်စပါး ကောက်ပဲသီးနှံတွေလည်း ပေါကြွယ်ဝပြီး ဒီထက်မက တိုးတက်ကြီးပွားအောင်မြင်ပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

 

အလ်ဟဂျ်ဦးအေးလွင် 
ဦးဆောင်ဆော်ဩရေးမှူး၊ အစ္စလာမ်ဓမ္မဗိမာန် ငြိမ်းချမ်းမေတ္တာအဖွဲ့ အမြုတေအဖွဲ့ဝင် 


အခုလို နှစ်သစ်ကူးအချိန်အခါမှာ စိတ်သစ်လူသစ်နဲ့ တိုင်းပြည်ကို ငြိမ်းချမ်းသာယာတဲ့၊ အားလုံး မတူကွဲပြားတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပြီး လေးလေးစားစားနဲ့ မြန်မာနိုင်ငံမှာ အားလုံးသောလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဟာ သိက္ခာရှိရှိနဲ့နေနိုင်တဲ့ နိုင်ငံတော်သစ်ကြီးဖြစ်ပါစေ။ ကမ္ဘာနဲ့အဝှမ်းမှာရှိတဲ့ သဗ္ဗေသတ္တာ ဝေနေယျာတွေလည်း ငြိမ်းချမ်းသာယာမှုများ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ချင်ပါတယ်ခင်ဗျာ။

ဆယ်မီဆယ်မရယ် 
မြန်မာနိုင်ငံဂျူးဘာသာအသင်းအဖွဲ့ခေါင်းဆောင် 

 

နှစ်သစ်ဆုတောင်းအနေနဲ့ ကျွန်တော်တို့တစ်တွေ မြန်မာပြည်မှာ မတူ ကွဲပြားတဲ့ ဘာသာတွေ အသီးသီးရှိကြတယ်။ ကျွန်တော်တို့တွေဟာ ယုံကြည်ရာ၊ ကိုးကွယ်ရာ၊ ဘာသာစကားမတူ ကွဲပြားတဲ့အပေါ်မှာ အလွန်ကိုအလေးပေးရင်းနဲ့ ကျွန်တော်တို့တွေ တူညီတဲ့အချက်တွေကို တစ်ခါ တလေ မေ့လျော့သွားကြတယ်။ တူညီတဲ့အချက်တွေကို မေ့ပျောက်သလိုလိုဖြစ်သွားတယ်။ တကယ် တမ်း က ကျွန်တော်တို့ ဘာသာအားလုံးဆုံပြီး တူညီတဲ့အချက်တွေသာ ပြောကြစတမ်း ဆိုရင် အံ့ဩစရာကောင်းလောက်အောင် တူညီတဲ့အချက်တွေ အများကြီး ထွက်ပေါ်လာမှာဖြစ်တယ်။ ဒီနှစ် နှစ်သစ်အနေနဲ့ ကျွန်တော်ဆုတောင်းချင်တာက မတူကွဲပြားတဲ့အချက်တွေအားလုံးထဲကမှ တူညီတဲ့အချက်တွေကို ရွေးချယ်ပြီး နှစ်သစ်ကိုဘာသာပေါင်းစုံအတူတကွ လျှောက်လှမ်းနိုင်ပါစေ၊ မြန်မာပြည်လည်း ငြိမ်းချမ်းသာယာပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်။

 

ကာဒီနယ်ချားလ်စ်ဘို 
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ဥက္ကဋ္ဌ၊ အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံး 

 


၂၀၁၉ ခုနှစ် နှစ်သစ်အတွက် နှုတ်ခွန်းဆက်စကား၊ မေတ္တာစကားပြောခွင့် ရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ဆရာတော်အနေနဲ့ပြောချင်တာကတော့ ၂၀၁၈ ခုနှစ်လည်း ပြီးသွားပါပြီ။ နိုင်ငံတော်အတွက် အတွေ့အကြုံ အမျိုးမျိုးကောင်းတဲ့ဟာတွေလည်း အများကြီးရှိသလို အခက်အခဲတွေထဲကလည်း ကျော်ဖြတ်လာတာတွေ အများကြီးရှိပေမယ့် ၂၀၁၉ ခုနှစ် နှစ်သစ်မှာစိတ်သစ် ကိုယ်သစ်နဲ့ ဖြစ်သမျှအရာတွေအားလုံးကို မေ့ထားခဲ့ပြီး ဒီ ၂၀၁၉ ခုနှစ် အထူး သဖြင့် မကြာခင်ကကြားခဲ့တဲ့သတင်းအရ တပ်မတော်အနေနဲ့ လေးလအတွက် ပစ်ခတ်မှုတွေ ရပ်စဲပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆောက်တည်မယ်ဆိုတာ ကြားတဲ့အခါ နှစ်သစ်အတွက် ဝမ်းသာစရာတစ်ခု ဖြစ်ပါတယ်။ ကျေးဇူးတော် တစ်ခုလည်းဖြစ်ပါတယ်။ အဲဒါကြောင့် လက်နက်ကိုင်များဘက်ကရော၊ တပ်မတော်ဘက်ရော၊ အစိုးရ ရော၊ ပြည်သူပြည်သားတွေ အားလုံးရော ၂၀၁၉ ခုနှစ်မှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို အရင်ကထက် ပိုကြိုးစားပြီး ၂၀၁၉ ခုနှစ် မပြီးခင် အားလုံးစစ်ပွဲများရပ်စဲကာ မြန်မာနိုင်ငံတစ်ခုလုံး မိသားစုစိတ်ဓာတ်နဲ့ လူမျိုးမရွေး၊ ဘာသာမရွေးညီညီ ညွတ်ညွတ် ချစ်ချစ်ခင်ခင် ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ နေသွားနိုင်ကြပါ စေလို့ အထူးပဲဆုမွန်ကောင်းတောင်းပါတယ်။ မေတ္တာလည်းပို့သလိုက်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

 

ဒေါ်ညိုမီ 
အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ် 

 

လာမယ့် ၂၀၁၉ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးမှာနေထိုင်ကြတဲ့ ပြည်သူ လူထုအားလုံး၊ တိုင်းရင်းသား လူမျိုးစုအားလုံး၊ ဘာသာသာသနာ အသီးသီးကို ကိုးကွယ်ယုံကြည်နေကြတဲ့သူတွေအားလုံးကို ဘဟာအီသာသနာဝင်တွေ ကိုယ်စား မင်္ဂလာပါလို့ ပထမဦးဆုံး နှုတ်ခွန်းဆက်ချင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့ အတွက် ပြည်သူပြည်သားတွေအားလုံး တစ်ဦးချင်းအနေနဲ့လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး စည်းစည်းလုံးလုံးနဲ့ မေတ္တာတရားတွေထားကြပြီး နိုင်ငံတော်ကြီးတိုးတက်ဖို့ ဝိုင်းဝန်းပါဝင် လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။

 

ဦးရွှေသီး 
ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ် 

 

ဘဟာအီသာသနာအနေနဲ့ ၂၀၁၉ ခုနှစ် နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်း မှာနေထိုင်ကြတဲ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ညီအစ်ကိုမောင်နှမတွေ၊ မြေပြန့်မှာပဲနေနေ တောင်ပေါ်မှာ ပဲနေနေ အကုန်လုံးအပေါ် ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာရရှိပြီး သူတို့တွေဟာ အင်မတန်ပျော်ရွှင်တဲ့ အခွင့်အရေးတွေ၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေ အမြန်ဆုံးရရှိပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ လူသားတွေအကုန်လုံးဟာ လက်ရှိအခြေအနေမှာသူတို့ ဆာလောင်မွတ် သိပ်နေတာ ငြိမ်းချမ်းရေးပဲ၊ သူတို့ ဆာလောင်မွတ်သိပ်နေတဲ့အကြောင်းတရား ကို အမြန်ဆုံးရရှိဖို့က တကယ်ကို စစ်မှန်တဲ့လိုအပ်ချက်ကြီးပါ။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်နိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးဟာ အင်မတန်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကြီး ရရှိပြီး ထာဝရပျော်ရွှင်နိုင်တဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ နှစ်သစ်ကူး နှုတ်ခွန်းဆက် အနေနဲ့ပြောချင်ပါတယ်။