ကရင်ပြည်နယ် လိပ်သိုဒေသထွက် ကွမ်းသီးများ ဈေးကွက် အရောင်းအဝယ်ကောင်းလျက်ရှိ

mdn

လိပ်သို ၂၈ ဒီဇင်ဘာ  

 

ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်တွင် ဒေသခံ ကွမ်းစိုက်တောင်သူများသည် သီးနှံရင့်မှည့်ချိန် မိုးအကုန် ဆောင်းအကူးရာသီ၌ ကွမ်းသီးများ ဆွတ်ခူးကြပြီး ရောင်းဝယ်ခြင်းအပြင် ငရုပ်သီးခြောက်များနှင့် လဲလှယ်လျက်ရှိကြောင်း သိရသည်။
 

အဆိုပါဒေသထွက် ကွမ်းသီးမှာ ရွေး(ကြက်ချီး)နှင့် ဗြောင်သီးနှစ်မျိုးရှိပြီး ဒေသခံပြည်သူများက ကွမ်းသီးကို ဒေသတွင်းသာမက တောင်ငူမြို့ထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

 

ကွမ်းသီးစိုက် ဥယျာဉ်ခြံတောင်သူများသည် စီးပွားဖြစ် စိုက်ပျိုးသူများရှိသကဲ့သို့ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန် စိုက်ပျိုးခြင်းလည်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ကွမ်းသီးရောင်းဝယ်မှုသည် ရွေး(ကြက်ချီး)တစ်ပိဿာ လျှင် ကျပ် ၆၀ဝ၀မှ ၇၀ဝ၀ ထိရရှိပြီး ဗြောင်သီးတစ်ပိဿာလျှင်     ကျပ် ၅၀ဝ၀ မှ ၆၀ဝ၀ ထိရရှိကြောင်း၊ကျေးရွာမြေနေရာ ဒေသအလိုက် အသီးထွက်ရှိမှု၊ ကောင်းမွန်မှုများရှိသဖြင့် ဈေးနှုန်းများမှာလည်း ကွာခြားလျက်ရှိကြောင်း ရောင်းဝယ်သူများက ပြောကြားခဲ့သည်ဟု မြို့နယ် ပြန်/ဆက်ဦးစီးဌာန၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

 

MDN