မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ် ဝတ္ထုရှည် အတွဲ (၁)၊ အတွဲ (၂)၊ အတွဲ  (၃) ထုတ်ဝေဖြန့်ချိလျက်ရှိ

 

 

ရန်ကုန်  ၆  ဇန်နဝါရီ

 

မြန်မာစာပေသမိုင်းတွင် အထူးခြားဆုံး၊ အကောင်းဆုံးလက်ရာများကို စုစည်းလျက် မြန်မာ စာကောင်းပေမွန်များကို မျိုးဆက်သစ်များ အလွယ်တကူ ရှာဖွေထိတွေ့ခွင့်ရရှိရန်၊ စာပေကပေးသော သုတ၊ ရသများကို ခံစားရခြင်းနှင့်အတူ မြန်မာစာ၊ မြန်မာမှု တို့အပေါ်  နှစ်သက်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်စေရန်နှင့် ရှေးအစဉ်အဆက်က ရှိနှင့်ပြီးသော မြန်မာတို့၏ ဘဝအတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတ၊ မြန်မာ့ဉာဏ်၊ မြန်မာ့အတွေးအခေါ်၊ မြန်မာတို့၏ စိတ်နေစိတ်ထားနှင့် စရိုက် လက္ခဏာများ၊ မြန်မာ့ယဉ် ကျေးမှုများ၊ မြန်မာ့ထုံးဓလေ့ အစဉ်အလာများ၊ မြန်မာဘာသာစကားနှင့် မြန်မာစာပေ အဆင့်အတန်းများကို နိုင်ငံတကာသုတေသီ များ လေ့လာအကဲခတ်နိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်များကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ စာဖတ်သူတို့ကို ဘဝအသိအမြင် မြင့်မားစေရေးအတွက် ခံစားနှစ်သက်မှု "ရသ" ကို ဖော်ကျူးပေးစွမ်းမည့် မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ် ဝတ္ထုရှည် အတွဲ (၁)၊ အတွဲ (၂) နှင့် အတွဲ (၃) တို့ကို ထုတ်ဝေဖြန့်ချိလျက် ရှိပါသည်။ ဝတ္ထုရှည်စာစဉ် အတွဲ (၁) တွင် ဂျိမ်းစ်လှကျော် ရေးသားသည့် မောင်ရင်မောင် မမယ်မ (၁၉၀၄)၊ ဝန်စာရေးဦးကြီး ရေးသားသည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (၁၉၀၄)၊ မအေးခင် ရေးသားသည့် ချစ်ရိုးအမှန် (၁၉၀၇) စာအုပ်တို့ ပါဝင်ပါသည်။ အတွဲ (၂) တွင် ဦးလတ် ရေးသား သည့် ရွှေပြည်စိုး (၁၉၁၄)၊ ရွှေဥဒေါင်း ရေးသားသည့် ရတနာပုံ (၁၉၁၇)၊ ဘီအေမောင်ဘသန်း ရေးသားသည့် ထာဝရမေတ္တာ သို့မဟုတ် ဘီအေမောင်ဘလွင် (၁၉၂၀) စာအုပ်တို့ ပါဝင်ပါသည်။  စာစဉ်အတွဲ (၃) တွင် ပီမိုးနင်း ရေးသားသည့် နေရီရီ  (၁၉၂၀)၊ ဦးလတ် ရေးသားသည့် တနန်းပျော် ရင်သွေးတော် (၁၉၂၀)၊ သခင်ကိုယ်တော်မှိုင်း ရေးသားသည့် မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ ပါဝင်သည်။ ဝတ္ထုရှည် အတွဲများအတွက် မောင်ခင်မင် (ဓနုဖြူ) က စာစဉ်မိတ်ဆက်ပြီး ဆရာဇော်ဂျီ၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ရာပြည့် ဦးစိုးညွန့်၊ ဦးမြင့်ဆွေ (မြင့်ဆွေဦး) တို့က အတွဲနိဒါန်းများကို သေသပ်လှပစွာ ရေးသားထားသည်။

 

မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ် ဝတ္ထုရှည် အတွဲ (၁)၊ အတွဲ (၂)၊ အတွဲ (၃) တို့ကို တစ်တွဲလျှင် ငွေကျပ်  ၁၂၀ဝဝ   နှုန်း၊ ကိုယ်စားလှယ်နှုန်း ၁၅ ရာခိုင်နှုန်းလျှော့ဖြင့် ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ စာပေဗိမာန် စာအုပ်ဆိုင်များနှင့် မြို့အသီးသီးရှိ စာပေဗိမာန် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)