တည်နေရာပြ ဂြိုဟ်တုအသစ်နှစ်လုံး တရုတ်လွှတ်တင်

ရှီချန် ၂၃ စက်တင်ဘာ

တရုတ်နိုင်ငံသည် စီချွန်ပြည်နယ်ရှိရှီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ တနင်္လာနေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ယာဉ်များ၊ သင်္ဘောများနှင့် လေယာဉ်များ၏ တည်နေရာနှင့် လမ်းကြောင်းကို ရှာဖွေပေးနိုင်သည့် ဘေဒိုးလမ်းကြောင်းပြ ဂြိုဟ်တုစနစ် (BDS) ပါရှိသည့် ဂြိုဟ်တုနှစ်လုံးကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

Long March-3B ဒုံးပျံယာဉ်ဖြင့် လွှတ်တင်ခဲ့သည့် ဂြိုဟ်တုနှစ်လုံးသည် BDS  ဂြိုဟ်တုမိသားစု၏ ၄၇ လုံးနှင့် ၄၈ လုံးမြောက် ဂြိုဟ်တုများ ဖြစ်သည်။ ယင်းဂြိုဟ်တုအသစ်နှစ်လုံးနှင့် ဂြိုဟ်တုသယ် ဒုံးပျံယာဉ်များကို တရုတ်အာကာသ သိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း လက်အောက်ရှိ တရုတ်အာကာသ နည်းပညာသိပ္ပံ (CAST)နှင့် တရုတ်ဂြိုဟ်တုလွှတ်တင်ယာဉ် နည်းပညာ သိပ္ပံတို့က တည်ဆောက်ခြင်းဖြစ်သည်။

ဂြိုဟ်တုပတ်လမ်းအတွင်း စမ်းသပ်မှုများပြုလုပ်ပြီးပါက ၎င်းဂြိုဟ်တုအသစ်များသည် တည်နေရာ ညွှန်ပြသည့်စနစ်တိကျမှု တိုးတက်စေရန်အတွက် ပတ်လမ်းထဲတွင်ရှိနှင့်ပြီးဖြစ်သည့် BDS ဂြိုဟ်တုများနှင့်အတူ အလုပ်လုပ်မည်ဖြစ်သည်။

တရုတ်အာကာသနည်းပညာသိပ္ပံ၏ အဆိုအရ ယင်းဂြိုဟ်တုနှစ်လုံးသည် အလယ်အလတ် ကမ္ဘာ့ပတ်လမ်းမှပတ်သော ဂြိုဟ်တုများ ဖြစ်သည်။ ယခင်လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများနှင့် နှိုင်းယှဉ်ပါက ယခုဂြိုဟ်တုနှစ်လုံးတွင် ပေါ့ပါးသည့် ဟိုက်ဒရိုဂျင်မာဆာ နာရီများ တပ်ဆင်ထားသည်။ ၎င်းနာရီများသည် ဂြိုဟ်တုလမ်းညွှန်စနစ် ပိုမို၍ တိကျစေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။ လမ်းကြောင်းအချက်ပြ ကိရိယာတိုးတက်စေရန်အတွက် ယင်း ဂြိုဟ်တုနှစ်လုံးတွင် ပရိုဆက်ဆာ အသစ်များလည်း တပ်ဆင်ထားသည်။

နိုင်ငံတကာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကိရိယာအသစ်များနှင့် စာတိုဆက်သွယ်မှုဖြင့် အသုံးပြုသူများသည် ဆက်သွယ်ရေးကွန်ရက်များ မရှိသည့်အချိန်များတွင် စာတိုများ ပေးပို့နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ တည်နေရာကို အတိအကျ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ဇော်လင်း