"ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အသိဖြင့် ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပမည်

နေပြည်တော် ၈  နိုဝင်ဘာ

 

"ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အသိဖြင့် ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထု များပါဝင်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ် ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိရာ အဆိုပါ စုပေါင်းအားကစား လှုပ်ရှားမှုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြားစေရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သက်တမ်းစေ့နေထိုင်ရေး၊ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဆောင်းပါးပြိုင်ပွဲများကို "ရောဂါကင်းလို့ ကျန်းမာဖို့၊ နေ့စဉ်လမ်းလျှောက်ကြပါစို့"၊ "ကျန်းမာကြံ့ခိုင်စေဖို့ရာ၊ ကိုယ်လက်လှုပ်ရှား ကစားပါ"၊ "ကြံ့ခိုင်ရေးမှ ကျန်းမာရေး၊ လူထုအားကစား အစဉ်အလေးပေး"၊ "မျိုးဆက်သစ်များကြံ့ခိုင်ရေး၊ အားကစားနှင့် ပညာရေး ပေါင်းစပ်ပေး"၊ "တိုင်းပြည်အင်အား၊ လူထုအားကစား"၊ "ရောဂါကင်းဝေး ကျန်းမာစေရေး၊ ကိုယ်လက်လှုပ်ရှား ကစားပေး"၊ "လူထုအားကစားလ ဒီဇင်ဘာ  တက်ကြွပျော်ရွှင်စွာဆင်နွှဲပါ"၊ "ကျန်းမာစေကြောင်း နည်းလမ်းကောင်း၊ စုပေါင်းဆင်နွှဲ လူထုလမ်းလျှောက်ပွဲ"၊ "နိုင်ငံ့အားကစားမြှင့်တင်ရန် လူထုအားကစားကို အခြေခံ"၊ "မူးယစ်ဆေးဝါး ပပျောက်ရေး အားကစားနှင့်ကုစားပေး" ဟူသည့် ခေါင်းစဉ်တို့ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဝတ္ထုတိုနှင့် ကဗျာများအား ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲများအနက် ဆောင်းပါးပြိုင်ပွဲအတွက် Microsoft Word Software ဖြင့် Unicode Pyidaungsu Font, Font Size(13)အရွယ်အစားဖြင့် A4 စာမျက်နှာ ၇ မျက်နှာထက်မနည်း၊ ၈ မျက်နှာထက်မများ၊ ဝတ္ထုတိုပြိုင်ပွဲအတွက် A4 စာမျက်နှာ ၁၀ မျက်နှာထက်မနည်း၊ ၁၁ မျက်နှာထက်မများ၊ ကဗျာပြိုင်ပွဲအတွက် A4 စာမျက်နှာ ၄ မျက်နှာထက်မနည်း၊ ၅ မျက်နှာထက်မများ ရေးသားယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများကို ၁၀" × ၁၄" အရွယ်ဖြင့် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာစာမူများနှင့် ဓာတ်ပုံများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် နောက်ဆုံးထား၍ နေပြည်တော်ရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာန လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ လိပ်မူပြီး ပေးပို့လျှောက်ထားနိုင်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်