ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ

 

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများက တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေရှင်းပေးသည့် အချက်များမှ  အပြည့်အဝ မပြီးပြတ်သေးသည့် တင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်တင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး (Public Private Dialogue) ပြုလုပ်၍ ဆက်လက်ဖြေရှင်း ညှိနှိုင်းပေးခြင်းဖြစ်ပါကြောင်း၊ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပြီး အချို့အချက်များမှာပြဋ္ဌာန်းထားသည့်  မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းကော်မတီ အစည်းအဝေးကို (၁၂) ကြိမ်ကျင်းပပြီး ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား သိရှိနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များသို့ကွင်းဆင်း၍ သွားရောက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူလာသည်နှင့်အမျှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စီးပွားရေး ဝန်းကျင် (Business Environment) ကောင်းအောင် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေး၍ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက မြန်မာနိုင်ငံပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက် ပဏာမဖော်ပြချက်စာတမ်း (မူကြမ်း) ကဏ္ဍ ၃ လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသင်းများက တင်ပြကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေအား ပြန်လည်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။

 

(သတင်းစဉ်)